ပဲခူးနှင့် မဟာစေတီ

မောင်သာ(ရှေးဟောင်းသုတေသန)

 

တစ်ချိန်က ဟံသာဝတီမင်းနေပြည် ဖြစ်ခဲ့သည့် ပဲခူးမြို့သည် ဘုရင့်နောင်မင်းတရား ထီးနန်းစိုက်ခဲ့သည့် နန်းမြို့တော်ဖြစ်ကာ ရှေးဟောင်း အမွေအနှစ်များစွာ ကျန်ရှိနေသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ ပဲခူးမြို့နယ်အတွင်း ဘုရားစေတီ ၇၈ ဆူ အပါအဝင် သမိုင်းဝင် သာသနိက အဆောက်အအုံများအနက် ရွှေမော်ဓော၊ ကျိုက်ပွန်၊ ရွှေသာလျောင်း၊ စိန်သာလျောင်း၊ မြသာလျောင်း၊ မဟာစေတီ၊ ကိုးသိန်းကိုးသန်း၊ ဒေးစွန်ပါ စသည့် ဘုရားစေတီများသည် အလွန်ထင်ရှားကြသည်။ ထို့အတူ ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် တည်ဆောက်ထားသည့် ကမ္ဘောဇသာဒီနန်းတော်သည် ထင်ရှားသော သမိုင်းဝင်ပုံစံတူ အဆောက်အအုံတစ်ခု ဖြစ်သည်။

 

ပဲကူး၊ ဥဿာ၊ ဟံသာဝတီဟု ထင်ရှားခဲ့သည့် ပဲခူးသည် ရာဇဝင်ကျမ်းများ အလိုအရ ဟင်္သာ၊ ဝမ်းဘဲများ ကူးသန်းသည့်နေရာဖြစ်ကာ ဝမ်းဘဲကူးဟု ခေါ်ဆိုခဲ့ကြပြီး ကာလရွေ့လျောလာချိန်တွင် ဝမ်းပဲကူး၊ ပဲကူး၊ ပဲခူးဟုပြောင်းလဲခဲ့သည်ဟုဆိုသည်။ ပုဂံခေတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံ ဩရိဿ ပြည်နယ်မှ ကုန်သည်များသည် ပဲခူးသို့ ကုန်သွယ်ရန် ရောက်ရှိချိန်တွင် ပဲခူးနယ်သည် ဩရိဿပြည်နယ်နှင့် တူသည်ဟုဆိုကာ ဩရိဿဟု ခေါ်ဆိုခဲ့ပြီးနောက်ပိုင်းတွင် ဥဿာဟု ပြောင်းလဲခဲ့သည်ဟူသော ယူဆချက်များလည်း ရှိခဲ့သည်။

 

ပဲခူးမြို့တည်နေရာသည် တစ်ချိန်က ရေပြင်ကျယ်တစ်ခုဖြစ်ခဲ့ပြီး ဟင်္သာဖိုမ နှစ်ကောင်သည် ရေပြင်ကိုဖြတ်၍ ပျံသန်းခဲ့စဉ် ကုန်းမြေကွက်ငယ်တစ်ခုတွင် နားခဲ့ကြကြောင်း၊ ယင်းကုန်းမြေသည် ယခု ဟင်္သာကုန်းနေရာဖြစ်၍ ဟင်္သာကျွန်း၊ ဟံသာကုန်းမှ ဟံသာဝတီဖြစ်လာခဲ့ကြောင်း အစဉ်အဆက် ဆိုရိုးစကားများလည်းရှိခဲ့သည်။

 

ဟံသာဝတီခေတ် မော်ကွန်းတင်စာတမ်းများအရ ဟံသာဝတီခေတ် သုံးခေတ်တွင် သမလနှင့် ဝိမလညီနောင်မှ တိဿမင်း အုပ်စိုးခဲ့ချိန်အထိ ၃၁၂ နှစ်ကြာ ကာလကို ပထမ ဟံသာဝတီခေတ်၊ ဗညားဦးမှ သုရှင်တကာရွတ်ပိ အုပ်စိုးခဲ့ချိန်အထိ ၁၈၆ နှစ်ကြာ ကာလကို ဒုတိယဟံသာဝတီခေတ်၊ တပင်ရွှေထီးမှ နန္ဒဘုရင် အုပ်စိုးခဲ့ချိန်အထိ ၅၈ နှစ်ကြာ ကာလကို တတိယ ဟံသာဝတီခေတ်ဟု ပိုင်းခြားခဲ့သည်။

 

တောင်ငူခေတ်နှင့် ပဲခူး

 

မြန်မာ့သမိုင်းတွင် မင်းကြီးညို၊ တပင်ရွှေထီး၊ ဘုရင့်နောင်နှင့် နန္ဒဘုရင်တို့ အုပ်ချုပ်ခဲ့သည့် ခရစ်နှစ် ၁၄၈၅ ခုနှစ်မှ ၁၆၀၀ ပြည့်နှစ်အထိ ကာလကို တောင်ငူခေတ်ဟု ခေါ်ဆိုကြကာ သမိုင်းပညာရှင်များက ဒုတိယ မြန်မာနိုင်ငံတော်ဟု သတ်မှတ်ခဲ့သည်။ ပုဂံခေတ်နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် ပင်းယ နှင့် စစ်ကိုင်းတို့ ပျက်ပြီးနောက် အထက်မြန်မာနိုင်ငံသည် အဝကို ဗဟိုပြု၍ ပြန်လည်စည်းရုံးလာသကဲ့သို့ အောက်မြန်မာနိုင်ငံသည်လည်း ဟံသာဝတီကို ဗဟိုပြု၍ အင်အားကောင်းခဲ့သည်။

 

မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မင်းကြီးညိုသည် ကေတုမတီမြို့ကို တည်ခဲ့ပြီး တပင်ရွှေထီးသည် ၈၉၂ ခုနှစ် နတ်တော်လဆန်း ၆ ရက်မှ ၉၁၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်အထိ နန်းစံခဲ့သည်။ တပင်ရွှေထီးနောက်တွင် ဘုရင့်နောင်သည် တောင်ငူဘုရင် ဖြစ်လာခဲ့ကာ ပဲခူးမြို့၌ ကမ္ဘောဇသာဒီနန်းတော်ကို ဆောက်လုပ်ခဲ့ပြီး ၉၂၉ ခုနှစ် တပေါင်း လဆုတ် ၃ ရက်တွင် နန်းတက်ခဲ့သည်။ (ဘုရင့်နောင်မင်းတရား နန်းတက်သည့် ရက်စွဲကို ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်နှင့် တွင်းသင်းမဟာ ရာဇဝင်သစ်တို့တွင် ဖော်ပြထားမှုသည် တစ်ခုနှင့်တစ်ခု မတူညီကြသဖြင့် ဤဆောင်းပါးတွင် တွင်းသင်းမူကို ယူပါသည်။)

 

မဟာစေတီ

 

ပဲခူးမြို့တွင်ရှိသည့် စေတီများအနက် ဘုရင့်နောင်မင်းတရား တည်ခဲ့သည့် မဟာစေတီသည် ရွှေမော်ဓောစေတီပြီးလျှင် ဉာဏ်တော်အမြင့်ဆုံးနှင့် ထုထည်အကြီးဆုံး ဖြစ်သည်။

 

ရန်ကုန်မြို့မှလာလျှင် ပဲခူးမြို့ မီးရထားခုံးတံတားသို့မရောက်မီ လက်ဝဲဘက်သို့ ချိုးဝင်လာပါက ရွှေသာလျောင်း ရုပ်ပွားတော်ကိုကျော်လျှင် ပဲခူးမြို့အနောက်ဘက် မဇင်း (က) ရပ်ကွက်ရှိ မဟာစေတီကို ဖူးမြင်ကြရသည်။ စေတီတော် ပရိဝုဏ်သည် ဧက ၆၀ ကျယ်ဝန်းလျက် ဉာဏ်တော် ၃၃၃ ပေမြင့်၍ အဝန်း ပေ ၁၅၀၀ ရှိသည့် မဟာစေတီကို စတုရန်းပုံတံတိုင်းဖြင့် ပတ်သည်။ မဟာစေတီ၊ ရွှေမော်ဓောနှင့် ဟင်္သာကုန်းဘုရားတို့သည် မျဉ်းဖြောင့်တစ်တန်း တည်ရှိနေသည်။

 

မဟာစေတီကို မြန်မာသက္ကရာဇ် ၉၂၁ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားက တည်ခဲ့ပုံကို မှန်နန်းရာဇဝင်တွင် အသေးစိတ် ရေးသားထားသည်။ ဘုရင့်နောင်မင်းတရားသည် ဗညားလော၊ ဗညားဒလ၊ ဗညားပရံနှင့် ဗညားကျန်းထော ဟူသည့် မွန်အမတ်ကြီး လေးဦး၊ သိရီဇေယျနော်ရထာ၊ သိရီဇေယျကျော်ထင်၊ နေမျိုးကျော်ထင်နှင့် နန္ဒကျော်ထင်ဟူသည့် မြန်မာအမတ်ကြီး လေးဦးတို့ကို စရိတ်ငွေ ၄၀၀ ပေးကာ စေတီတော်တည်ထားမည့်နေရာတွင် မြေရှင်း/မြေညှိ လုပ်ငန်းများ ပြုလုပ်စေခဲ့သည်။

 

စေတီတော်တည်ချိန်တွင် ဘုရင့်နောင်မင်းတရားသည် စေတီတော်နေရာ အနောက်ဘက်၌ နန်းပြာသာဒ် တည်ဆောက်စံမြန်း၍ ကိုယ်တော်တိုင် စီမံကွပ်ကဲခဲ့သည်။ သက္ကရာဇ် ၉၂၁ ခုနှစ် ဝါဆိုလဆန်း ၅ ရက် ကြာသပတေးနေ့တွင် စေတီတော်ဖိနပ်ရာကို စတင်တူးပြီး ထိုနှစ် ဝါဆိုလပြည့်ကျော် ၂ ရက်တွင် ရွှေအုတ်၊ ငွေအုတ်များစီကာ စေတီတော်ကို စတင်တည်ထားခဲ့သည်။ မဟာစေတီဝန်းကျင်တွင် ဇောတိကာရုံကျောင်းနှင့် အရံကျောင်း ၄၀ ကို ဆောက်လုပ်ခဲ့သည်။ သက္ကရာဇ် ၉၂၆ ခုနှစ် နတ်တော်လတွင် အရပ်ရပ်မှ ပဲခူးသို့ ခေါ်ဆောင်ထားခဲ့သော သုံ့ပန်းများက ပုန်ကန်ထကြွခဲ့ရာ မဟာစေတီအတွင်းရှိ ကျောင်းများနှင့် အရံကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

 

ထိုနှစ် နတ်တော်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် စေတီတော်၌ ဌာပနာရန် ဓာတ်တော်၊ မွေတော်များကို မင်းမျိုးများ၊ မင်းညီမင်းသားများက ပွဲသဘင်ကျင်းပလျက် ရွှေနန်းတော်မှ မဟာစေတီတော်သို့ ပို့ဆောင်ခဲ့သည်။ ထိုနေ့တွင်ပင် ရာဇဒေဝီမိဖုရားသည် ရာဇဓာတုကလျာမင်းသမီးကို ဖွားမြင်ခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပထမဌာပနာပိတ်ပွဲ ကျင်းပခဲ့သည်။

 

မှန်နန်းရာဇဝင်တော်ကြီးတွင် ရေးသားထားမှုများအရ သရီရဓာတ်တော် ပေါင်း ၂၁၁၉၄ ဆူကို ပတ္တမြားစေတီတွင် ဦးစွာထည့်ပြီး ရွှေစေတီ၊ မိုးကြိုးစေတီ၊ ငွေစေတီ၊ ကြေးစေတီတို့ကို အထပ်ထပ်ငုံ၍ ဌာပနာခဲ့သည်။ မဟာစေတီတွင် စွယ်တော်ပွားတစ်ဆူနှင့် အခြားဓာတ်တော်ပေါင်း ၆၃၃၈၀ ဆူကို ရွှေကြုတ်၊ ငွေကြုတ်၊ မိုးကြိုးကြုတ်တို့အတွင်း ထည့်သွင်းပြီး ဌာပနာခဲ့သည်။ ထို့အပြင် အဘိဓမ္မာကျမ်းဦး၊ သုတ်ကျမ်းဦး၊ ဝိနည်းကျမ်းဦးတို့ကို ရွှေပေ၊ ငွေပေတွင် ရေး၍ ရွှေစာတောက်၊ ငွေစာတောက်များတွင် ထည့်သွင်းခဲ့သည်။

 

မင်းတရားကြီး၏ ရွှေရုပ်တုနှင့် ခမည်းတော်၊ မယ်တော်၊ မိဖုရား၊ သမီးတော်၊ သားတော်၊ မြေးတော်တို့၏ ရွှေရုပ်တုများကို ဌာပနာအတွင်း ထည့်သွင်းခဲ့သည်။ မဟာစေတီတော်၏ ဌာပနာသွင်းပွဲကို မြန်မာသက္ကရာဇ် ၉၂၁ ခုနှစ် နတ်တော်လပြည့်ကျော် ၂ ရက် (ခရစ်နှစ် ၁၅၅၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်) တွင် ကြီးမားသော ပွဲသဘင်ခံကာ ကျင်းပခဲ့သည်။ ထိုမှစ၍ ငါးလအတွင်း ငါးကြိမ်၊ စုစုပေါင်း ဌာပနာခြောက်ကြိမ် ထည့်သွင်းပူဇော်ခဲ့ကာ သံတောင် ၁၀၀၊ အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီးကို တည်ထားခဲ့သည်။

 

သက္ကရာဇ် ၉၂၂ ခုနှစ် ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် မဟာစေတီ ထီးတော်တင်ပွဲကျင်းပပြီးနောက် ဘုရင့်နောင်မင်းတရားသည် မိမိဆောင်းသည့် မကိုဋ်တော်ကို စေတီတော်သို့ လှူဒါန်းခဲ့သည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးတစ်ခု တည်ဆောက်၍ တာဝတိံသာဟု အမည်ပေးခဲ့သည်။ ရွှေနန်းတော်ကိုဖျက်၍ မဟာစေတီတွင် ဇေတဝန်ကျောင်းကြီးလေးကျောင်းနှင့် အရံကျောင်း ၁၀၀ ကို ဆောက်လုပ်လှူဒါန်းခဲ့ပြန်သည်။ ရွှေကျောင်းကြီးလေးကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရေးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ ၅ ကျပ် ၁ မတ်သား လှူဒါန်းခဲ့သည်။ စေတီတော် တည်ဆောက်စဉ်က စံမြန်းခဲ့သည့် ပြာသာဒ်သုံးဆောင်ကိုဖျက်ကာ ကျောင်းဆောက်လှူဒါန်းခဲ့သည်။

 

သက္ကရာဇ် ၉၂၅ ခုနှစ်တွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် မဟာစေတီတော်၏ ထီးတော် ပြိုကျပျက်စီးခဲ့သည်။ ဘုရင့်နောင် မင်းတရားကြီးသည် ပြိုကျသွားသည့် စေတီတော် ထီးတော်ကို ပြန်လည်တင်လှူနိုင်ရန် အမတ်ကြီးလေးဦးအား တာဝန်ပေးခဲ့သည်။ ထိုအမတ်ကြီးများသည် ဘုရင့်နောင် မင်းတရား ဇင်းမယ်သို့ချီစဉ် မြို့စောင့်အဖြစ် ပဲခူးတွင် ကျန်နေရစ်ခဲ့ကာ မဟာစေတီတော်ကြီးကို ပြင်ဆင်ခဲ့ကြပြီး သုံးနှစ်အကြာ သက္ကရာဇ် ၉၂၈ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ ရက် (ခရစ်နှစ် ၁၅၆၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်) တွင် မင်္ဂလာထီးတော်အသစ်ကို တင်လှူခဲ့သည်။

 

သက္ကရာဇ် ၉၃၂ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားသည် မိမိ၏ ကိုယ်အလေးချိန် ၃၅ ပိဿာ ၃၀ ကျပ်သားနှင့် ညီမျှသောငွေကို မဟာစေတီသို့ ရွှေဖိုးအဖြစ် လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် လှုပ်သော ငလျင်ကြောင့် ထီးတော် ထပ်မံပြိုကျခဲ့ပြီး သုံးနှစ်အကြာတွင် ဘုရင့်နောင် မင်းတရားကြီး နတ်ရွာစံခဲ့သည်။

 

ဘုရင့်နောင်မင်းတရား မရှိတော့သည့်နောက်ပိုင်းတွင် မင်းကြီး၏ အလှူတော် မဟာစေတီသည် လေးကြိမ်တိုင် ငလျင်ဒဏ် ခံခဲ့ရသဖြင့် သက္ကရာဇ် ၉၅၀ ပြည့်နှစ်တွင် ငါးဆူဒါယကာ နန္ဒမင်းကလည်းကောင်း၊ သက္ကရာဇ် ၉၇၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းကလည်းကောင်း၊ သက္ကရာဇ် ၉၉၅ ခုနှစ်တွင် သာလွန်မင်းကလည်းကောင်း၊ သက္ကရာဇ် ၁၀၅၉ ခုနှစ်တွင် နတ်ရှင်နောင်၏ ဖခင် မင်းရဲကျော်ထင်ကလည်းကောင်း ပြုပြင်မွမ်းမံကာ ထီးတော်အသစ်များ တင်လှူပေးခဲ့ကြောင်း မှတ်တမ်းကမ္ပည်းကို စေတီတော် ပရိဝုဏ်အတွင်း စိုက်ထူထားသည့် “ပဲခူးမြို့ မဟာစေတီတော်မြတ်ကြီး သမိုင်းအကျဉ်းကျောက်စာ” တွင် ဖတ်ရှုနိုင်ပေသည်။

 

တိမ်မြုပ်ခဲ့သည့် စေတီတော်

 

သက္ကရာဇ် ၁၁၉၂ ခုနှစ် ကဆုန်လဆန်း ၅ ရက်တွင် လှုပ်ခဲ့သော ပဲခူးငလျင်ဒဏ်ကြောင့် မဟာစေတီသည် ခေါင်းလောင်းပုံအခြေမှစ၍ ပြိုလဲပျက်စီးခဲ့ရာ ပြင်ဆင်မည့် အလှူရှင်မရှိဘဲ နှစ် ၁၅၀ ကြာမြင့်ခဲ့ပြီး စေတီတော်ကြီးအား ချုံနွယ်များ ဖုံးအုပ်နေခဲ့သည်။ ၁၂၅၀ ပြည့်နှစ် ငလျင်တွင် မဟာစေတီ၏ ထူပစေတီလုံးကြီးပါ ထပ်မံ ပျက်စီးခဲ့ရပြီးသည့်နောက် မဟာစေတီတော်ကြီးသည် လူသူအရောက်အပေါက် နည်းကာ တိမ်မြုပ်သွားခဲ့သည်။

 

ထို့နောက် ၁၂၆၈ ခုနှစ်မှစတင်၍ ရန်ကုန်မြို့မှ ပွဲစားကြီး ဦးကုလား၊ ပဲခူးမြို့မှ ဦးလူဟောင်း၊ ဦးလူကြီး၊ ဦးဘိုးသက်၊ ဦးငယ်၊ ဦးထွန်းဝင်း စသော ပုဂ္ဂိုလ်များ၏ ကြိုးပမ်းမှုနှင့် ပဲခူးမြို့သူ မြို့သားများ၏ သဒ္ဓါတရားနှင့် လုပ်အားများကြောင့် ပြန်လည်ပွင့်လင်း စည်ပင်လာခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၄၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်) ပြည်ထောင်စုနေ့တွင် ထီးတော်အသစ်ကို တင်လှူပူဇော်နိုင်ခဲ့ကြသည်။

 

ယခုအခါတွင် သမိုင်းဝင် မဟာစေတီသည် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ် ကြည့်ရှုလေ့ရှိသည့် ဟံသာဝတီ ပဲခူးမြို့၏ခရီးသွားနေရာ တစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများသည် မဟာစေတီသို့ နေ့စဉ်လာရောက် ဖူးမြော်လေ့ရှိသကဲ့သို့ ထိုင်းနိုင်ငံမှ ဗုဒ္ဓ ဘာသာဝင်များလည်း မကြာခဏ လာရောက်လေ့ရှိကြသည်။

 

မဟာစေတီတော်အဝင် ညာဘက်ခြမ်းတွင် ဘုရင့်နောင်မင်းတရားကြီး၏ အောင်မြေကို တွေ့ရှိရသည်။ ရန်သူအရပ်ရပ်ကို အောင်နိုင်ခဲ့သည့်မြေအဖြစ် နှောင်းလူတို့ကထိန်းသိမ်းခဲ့ကြကာ “ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးအောင်မြေ”ဟူသည့် စာတန်းကို မြန်မာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာများဖြင့် ရေးသားချိတ်ဆွဲထားသည်။ စေတီတော်ပရိဝုဏ် အနောက်မြောက်ဘက်တွင် ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော်ဖြစ်သော ပုဂံရှိ အာနန္ဒာစေတီပုံစံ မဟာအာနန္ဒာ ဂဝံစေတီကို ဖူးမြင်နိုင်ကြသည်။ ။

 

လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ ကျော်က တည်ထားခဲ့သည့် သမိုင်းဝင် မဟာစေတီတော်သည် သဘာဝဘေးဒဏ်များနှင့် တိုင်းတစ်ပါးသား ရန်သူများ၏ နှိပ်စက်ဖျက်ဆီးမှုများကို ခံခဲ့ရသည်။ သက္ကရာဇ် ၉၆၂ ခုနှစ်တွင် ငဇင်ကာသည် မဟာစေတီတော်တွင် ငါးဆူဒါယကာနန္ဒမင်း တင်လှူထားသည့် ထီးတော်ကို ဖြုတ်ကာ သန်လျင်သို့ ယူဆောင်သွားခဲ့သည်။

 

သက္ကရာဇ် ၁၁၈၈ ခုနှစ်တွင် မဟာစေတီသို့ အနောက်ဘက်လွန်မင်း လှူဒါန်းခဲ့သည့် အလုပ်အကျွေးများမှ ဆင်းသက်လာသည့် မွန်၊ ရှမ်းနှင့် ယွန်းလူမျိုး ၃၀၀ ကျော်ကို သူပုန်ဗိုလ်ငစပ်ငယ်ကသန်လျင်သို့ ဖြားယောင်းခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မဟာစေတီမှ အလုပ်အကျွေးဟောင်းများ အပါအဝင် လူ ၆၀၀ ကျော်သည် သန်လျင်မှ ပဲခူးသို့ လိုက်လာကြကာ မဟာစေတီထီးတော်မှ ရွှေငွေ ကျောက်မျက်ရတနာများကို ယူဆောင်သွားခဲ့ကြပြန်သည်။

 

သဒ္ဓါတရားထက်သန်သော ပြည်သူများ၏ ထိန်းသိမ်းစောင့်ရှောက် ကြိုးပမ်းအားထုတ်မှုများကြောင့် သမိုင်းဝင် စေတီပုထိုးများကို မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် ဖူးမြော်နိုင်ကြပေရာ ပဲခူးမြို့ရှိ မဟာစေတီတော်သည်လည်း တစ်ဆူအပါအဝင်ဖြစ်၍ သမိုင်းဝင်ရှေးဟောင်းစေတီတော် တစ်ဆူအဖြစ် အပူဇော်ခံလျက်ရှိနေပေသည်။ ။

 

ကိုးကား

(၁) မှန်နန်းမဟာရာဇဝင်တော်ကြီး

(၂) မြန်မာ့စွယ်စုံကျမ်း အတွဲ(၆)

(၃) တွင်းသင်းမဟာရာဇဝင်သစ် (ဒုတိယတွဲ) (မဟာစည်သူ ဦးထွန်းညို)

(၄) ပဲခူးဟောင်းသမိုင်းရှာတော်ပုံ (မောင်ယဉ်လှိုင်း၊ ပျဉ်းမမြိုင်)