ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)
ပျားမွေးမြူရေးလုပ်ငန်းသည် ပျားရည်နှင့် ဖယောင်းထုတ်လုပ်ခြင်း တစ်ခုတည်းအတွက်သာ အရေးပါသည်မဟုတ်ဘဲ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ပျားများသည် သဘာဝ၏ အထိရောက်ဆုံး ဝတ်မှုန်ကူးပေးသော အင်းဆက်များဖြစ်ကြသည်။ ပျားများသည် ပန်းတစ်ပွင့်မှတစ်ပွင့်သို့ ဝတ်ရည်နှင့် ဝတ်မှုန်များ ရှာဖွေစားသောက်စဉ် ဝတ်မှုန်များကို သယ်ဆောင်ပေးပြီး ပင်ခြားဝတ်မှုန်ကူးခြင်းကို ဖြစ်ပေါ်စေသည်။
ပျားများ၏ ဝတ်မှုန်ကူးခြင်းဆိုင်ရာ ထူးခြားချက်များ ပျားခန္ဓာဗေဒနှင့် ဝတ်မှုန်သယ်ဆောင်မှု
ပျားများသည် အခြားဝတ်မှုန်ကူးပေးသော အင်းဆက်များထက် ပိုမိုထိရောက်ရခြင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံတို့ကြောင့် ဖြစ်သည်။ ပျား၏ခန္ဓာကိုယ်တွင် အမွေးအမှင် များစွာရှိသောကြောင့် ဝတ်မှုန်များ အလွယ်တကူ ကပ်ငြိနိုင်သည်။ ထို့ပြင် ခြေထောက်ရှိ ဝတ်မှုန်အိတ် များတွင် ဝတ်မှုန်များကို စုဆောင်းသယ်ဆောင်နိုင်သည်။ ပျားများသည် တစ်ကြိမ်အစာရှာထွက်လျှင် ပန်းအမျိုးအစား တစ်မျိုးတည်းကိုသာ အာရုံစိုက် သွားလာလေ့ရှိသဖြင့် ပင်ခြားဝတ်မှုန်ကူးမှုကို အလွန်ထိရောက်စေသည်။
စနစ်ကျသောသွားလာမှု။ ပျားများသည် တစ်ပွင့်မှ တစ်ပွင့်၊ တစ်ပင်မှ တစ်ပင်သို့ ပုံမှန်စနစ် တကျ ဆက်တိုက်သွားရောက်ခြင်းဖြင့် ကွင်းဆက်ရှိ ပန်းပွင့်အားလုံးနီးပါးကို ရောက်ရှိစေသည်။
ကျယ်ပြန့်သော သွားလာနိုင်စွမ်း။ ပျားများသည် ပျားအုံမှ ငါးမိုင်(ရှစ်ကီလိုမီတာ)အထိ သွားရောက် နိုင်ပြီး ဧရိယာကျယ်ပြန့်စွာ ဝတ်မှုန်ကူးပေးနိုင်သည်။
ပျားအရေအတွက် ကြီးမားခြင်း။ ပျားအုံတစ်အုံတွင် ပျားကောင်ရေ ၂၀၀၀၀ မှ ၈၀၀၀၀ အထိ ရှိသည်။ ထို့ကြောင့် တစ်ချိန်တည်းတွင် ပန်းပေါင်းများစွာသို့ ရောက်ရှိကာ ဝတ်မှုန်ကူးပေးနိုင်သည်။
ပျားများသည် ၎င်းတို့ကို စားသုံးရန် သက်သက်သာမဟုတ်ဘဲ ပျားအုံအတွင်းရှိ ထောင်ပေါင်းများစွာ သော သားလောင်းများနှင့် ပျားငယ်များစားသုံးရန် အရန်အဖြစ် သိုလှောင်ထားကြခြင်းကြောင့် ပန်းပွင့် များသို့ ပျားများသွားရောက်၍ ဝတ်ရည်နှင့် ဝတ်မှုန်သယ်ဆောင်ခြင်း၊ ပျားမွေးမြူခြင်းကြောင့် အသီးအနှံများ သိသိသာသာ အထွက်တိုးလာခြင်းကြောင့် စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံများမှာ ပျားမွေးမြူရေးလုပ်ငန်းကို သိသိသာသာ တိုးတက်များပြားလာကြောင်း တွေ့ရှိရသည်။
ပျားများကောင်းမွန်စွာ အလုပ်လုပ်နိုင်သော အခြေအနေများ
အပူချိန် ၆၀°F(၁၆°C) မှ ၁၀၅°F (၄၁°C) အတွင်း။ အပူချိန် ၅၀°F (၁၀°C) အောက်ကျဆင်းပါက ပျား များ၏ လှုပ်ရှားမှု သိသိသာသာ နှေးကွေးသည်။
လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင် (၂၄ km/h) အောက်။ တစ်နာရီ ၂၅ မိုင် (၄၀ km/h) ကျော်ပါက ပျားများ လုံးဝပျံသန်းနိုင်ခြင်း မရှိတော့ပေ။
နေရောင်ခြည်။ ပျားများသည် နေရောင်ခြည် ကောင်းစွာရသောအချိန်တွင် ပိုမိုတက်ကြွစွာ လှုပ်ရှားတတ်ပြီး လေတိုက်ခတ်မှုကို မနှစ်သက်ပါ။
သီးနှံအထွက်တိုးရေးအတွက် အရေးပါမှု
လူသားတို့ စားသုံးနေရသော အသီးအနှံများ၏ သုံးပုံတစ်ပုံခန့်သည် ပျားများ၏ ဝတ်မှုန်ကူးခြင်း အပေါ်တွင် တည်မှီနေရသည်။ ပျားများဖြင့် ဝတ်မှုန်ကူးပေးခြင်းသည် သီးနှံအထွက်နှုန်းကို ၂ ဆမှ ၁၀ ဆအထိ တိုးတက်စေနိုင်သည်။ အထူးသဖြင့် ဆီထွက်သီးနှံများ (နေကြာစေ့၊ မြေပဲ၊ အုန်းသီး) တွင် အဆီပါဝင်မှုနှုန်းကို သိသိသာသာ မြှင့်တင်ပေးသည်။ ဝတ်မှုန်ကူးခံရသော အသီးအနှံများသည် ပုံသဏ္ဌာန်ညီညာပြီး အရသာပိုမိုကောင်းမွန်ကာ သိုလှောင်သက်တမ်း ပိုရှည်သည်။
သီးနှံအထွက်တိုးပုံ အကြောင်းရင်းများ
မျိုးအောင်နှုန်း တိုးတက်ခြင်း။ ပျားများသည် ပန်းပွင့်တစ်ပွင့်မှ ဝတ်မှုန်များကို အခြားပန်းပွင့်၏ ဝတ်ဆံမသို့ တိုက်ရိုက်သယ်ယူပေးခြင်းဖြင့် မျိုးအောင်နိုင်ခြေကို မြင့်မားစေသည်။
အစေ့အရေအတွက်နှင့် အလေးချိန်တိုးခြင်း။ ဥပမာအားဖြင့် ပန်းသီးတစ်လုံးတွင် ဝတ်မှုန်ကူးခံရသည့် အစေ့အရေအတွက် များလေလေ၊ ပန်းသီး၏ အရွယ်အစားနှင့် အလေးချိန် ပိုများလေဖြစ်သည်။
အသီးများ တစ်ပြိုင်နက်ရင့်မှည့်ခြင်း။ ပျားများ၏ စနစ်ကျသောသွားလာမှုကြောင့် ကွင်းတွင်းရှိ အပင်အားလုံးနီးပါး တစ်ပြိုင်နက်နီးပါး ဝတ်မှုန်ကူး ခံရသဖြင့် အသီးအနှံများ တစ်ပြိုင်တည်း မှည့်လာကာ ရိတ်သိမ်းရန် ပိုမိုလွယ်ကူစေသည်။
ပုံပျက်သီးများ လျော့နည်းခြင်း။ ဝတ်မှုန် လုံလောက်စွာ မကူးခဲ့သော အသီးများသည် ပုံသဏ္ဌာန်နှင့် အရွယ်အစား မမှန်ဖြစ်တတ်သည်။ ပျားဝတ်မှုန်ကူးခြင်းက ဤပြဿနာကို သိသိသာသာ လျှော့ချပေးသည်။
ဝတ်မှုန်ကူးခြင်းနှင့် ယနေ့အခြေအနေ
ခေတ်မီတိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာနည်းပညာကြောင့် ဝတ်မှုန်ကူးစေသော အင်းဆက် ပိုးကောင်များသည် တဖြည်းဖြည်းပျောက်ကွယ်လာကြောင်း တွေ့ရသည်။ အဓိက အကြောင်းရင်းမှာ အောက်ပါတို့ ဖြစ်ပါသည်-
(က) လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလာခြင်းကြောင့် စိုက်ကွင်းများ၊ ဥယျာဉ်များ တိုးချဲ့လာခြင်းဖြင့် ကန်သင်းရိုး၊ မြေလွတ် မြေရိုင်းများတွင် အသိုက်အအုံဝ ဆောက်လုပ်နေကြသည့် အင်းဆက်ပိုးကောင်များ၏ အသိုက်အအုံများ ပျက်စီးကုန်ခြင်း၊
(ခ) ပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံးပြုခြင်းကြောင့် အင်းဆက်ပိုးကောင်များ အစုလိုက် အပြုံလိုက် ပျက်စီးကုန်ခြင်း၊
(ဂ) ချုံနွယ်ပေါင်းပင်များ သေစေရန် ဆေးများတွင်ကျယ်စွာ အသုံးပြုခြင်းကြောင့် အင်းဆက် ပိုးကောင်များ စားသုံးရန် အစာရှားပါးခြင်း၊
(ဃ) သီးနှံတစ်မျိုးတည်းကို ကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် ပန်းပွင့်ချိန်တွင် အစာအလျှံပယ် ရနိုင်သော်လည်း ထိုပန်းပွင့်ချိန်ကုန်ဆုံးသောအခါ အခြားပန်းများ ချက်ချင်းမရခြင်းကြောင့် အင်းဆက်များ အစာရှားပါးမှုဒဏ်ခံရပြီး သေဆုံးကုန်ခြင်း။
ခေတ်မီပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပျားအုံများကို စနစ်တကျ စစ်ဆေးကြည့်ရှု ခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနိုင်ခြင်းတို့ကြောင့် အင်းဆက်ပိုးကောင်များ ရှားပါးပြီး ဝတ်မှုန်ကူးရန် လိုအပ်သောစိုက်ခင်းများသို့ ပျားအုံများ ရွှေ့ပြောင်းချထားပေးခြင်းဖြင့် ဝတ်မှုန်ကူးရန် ဆောင်ရွက်နိုင်ပေသည်။
စိုက်ခင်းတစ်ခုသို့ ဝတ်မှုန်ကူးရန် ပျားအုံများ ချထားရာတွင် အောက်ဖော်ပြပါ အချက်များပေါ်တွင် မူတည်ချထားရမည်-
(က) စိုက်ခင်းတွင်ရှိအပ်သည့် ပျားများက ဝတ်မှုန် ကူးရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ။
(ခ) စိုက်ခင်း၏ အကျယ်အဝန်း၊
(ဂ) စိုက်ခင်းအတွင်းရှိ ပန်းပွင့်မှုအခြေအနေ၊
(ဃ) အပင်မှဝတ်ရည်နှင့် ဝတ်မှုန်ရရှိနိုင်မှု အခြေအနေ၊
(င) စိုက်ခင်းအတွင်းရှိ အခြားအင်းဆက်ပိုးကောင်များ၏ အခြေအနေ၊
(စ) ပျားအုံများရွှေ့ပြောင်းချထားရာတွင် ကုန်ကျမည့်စရိတ်နှင့် သီးနှံများ အထွက်တိုး၍ ရရှိသည့် အကျိုးအမြတ်သည် ကာမိခြင်း ရှိ/မရှိ၊
(ဆ) စိုက်ခင်းရှိရာဒေသ၏ ရာသီဥတု အခြေအနေ။
သီးနှံအထွက်တိုးရန် အသုံးချမည့် ပျားအုံများအား ကြိုတင်ပြင်ဆင်
သီးနှံစိုက်ခင်းတစ်ခုတွင် ဝတ်မှုန်ကူးရန် အသုံးချမည့် ပျားအုံများသည် အင်အားတောင့်တင်းပြီး သီးနှံစိုက်ခင်းဆီသို့ ပျားများ အများဆုံးသွားရောက်၍ ဝတ်ရည်နှင့် ဝတ်မှုန်များ သယ်ဆောင်စေရန် အောက်ဖော်ပြပါနည်းများ ဆောင်ရွက်ထားသင့်သည်-
(က) ပျားအုံများကို ဝတ်မှုန်ကူးစေမည့် စိုက်ခင်းနှင့် အနီးဆုံးသို့ ရွှေ့ပြောင်းနေရာချထားရမည်။ ပျားအုံများကို စိုက်ခင်း၏ အနီးဆုံး၌ရှိခြင်းဖြင့် ပျံသန်းရန် အချိန်ကုန်သက်သာပြီး ရာသီဥတုဆိုးရွားသောအခါ လမ်းခရီး၌ ပျောက်ဆုံးမှုနည်းပါးစေရန်ဖြစ်သည်။
(ခ) ပျားအုံများကို စိုက်ခင်းအတွင်း၌ နေရာချထားရာ၌ တစ်နေရာတည်းတွင် စုပြုံမထားဘဲ စိုက်ခင်း အနှံ့ဖြန့်ချထားရမည်။ ပျားများသည် သဘာဝအားဖြင့် ပျားအုံ၏အနီးရှိ အပွင့်များသာ သွားလေ့ရှိသဖြင့် တစ်နေရာတည်းတွင် စုပြုံချထားခြင်းဖြင့် ၎င်းအနီးရှိ အပင်များကိုသာ ဝတ်မှုန်ကူးစေသည်။ ပျားအုံများ၏နေရာများကို ပျားများ အလွယ်တကူ မှတ်မိစေရန် အရောင်သတ်မှတ်၍ထားခြင်း၊ နေရောင်ခြည်သင့်တင့်စွာရရှိရန် နေရာချထားခြင်း၊ ပူလွန်းသောနေရာတွင် အရိပ်ရစေရန် စီမံပေးခြင်းတို့ ပြုလုပ်ထားသင့်သည်။
(ဂ) ပျားအုံများ ဝတ်မှုန်ကူးစေမည့် စိုက်ခင်းမှ ပန်းများ အစွမ်းကုန်ဖူးပွင့်ချိန်မှ စိုက်ခင်းဆီသို့ ရွှေ့ပြောင်းပေးရမည်။ အကယ်၍ ပျားအုံများ ကြိုတင်နေရာချထားမိပါက စိုက်ခင်းမှ ပန်းများမပွင့်မီ အခြားနေရာရှိ ပန်းများဆီသို့သွား၍ ဝတ်ရည်နှင့် ဝတ်မှုန်များသယ်ဆောင်ခြင်းဖြင့် စိုက်ခင်းရှိပန်းများ ပွင့်သောအခါ ပျားများ အလွယ်တကူပြောင်းလဲရန် လာရောက်ခြင်းမရှိကြောင်း တွေ့ရသည်။
(ဃ) ဝတ်မှုန်ကူးရန် အသုံးပြုမည့်ပျားအုံတွင် ဝတ်မှုန်များ ပိုမိုသယ်ဆောင်ရန် တည်ဆောက်ထား သင့်သည်။ များသောအားဖြင့် ပန်းပွင့်များတွင် ဝတ်မှုန်သယ်ဆောင်သောပျားက ဝတ်ရည်သယ် ဆောင်သောပျားထက် ဝတ်မှုန်ကူးခြင်းကို ပိုမိုဆောင်ရွက်ပေးကြောင်း တွေ့ရသည်။ အဘယ့် ကြောင့်ဆိုသော် ယင်းတို့ကိုယ်ပေါ်ရှိ ထောင်ပေါင်း များစွာသော ဝတ်မှုန်များက ပန်းပွင့်၏ ဝတ်ဆံမထံ သို့ ဝတ်မှုန်များ အလွယ်တကူရောက်ရှိစေသောကြောင့် ဖြစ်သည်။
ဝတ်မှုန်ကို ပိုမိုသယ်ဆောင်ရန် အောက်ပါနည်းများ အသုံးပြုရမည်-
(က) ပျားအုံတွင် သားလောင်းပေါင်အရေအတွက် များများ ပါဝင်စေရမည်။
(ခ) သားလောင်းပေါင်များသို့ အုံတွင်းရှိပျားများ အလွယ်တကူရောက်ရှိနိုင်ရမည်။ ပျားအိမ် အောက် ဆုံးထပ် ဝင်ပေါက်ထွက်ပေါက်အနီး နေရာချထားရမည်။
(ဂ) ပျားအုံတွင် သကြားရည်တိုက်ကျွေးထားခြင်းဖြင့် ဝတ်ရည်ရှာသော ပျားများသည် သကြားရည် အလွယ်တကူရရှိနေခြင်းကြောင့် ဝတ်ရည်အစား ဝတ်မှုန်ကို ပြောင်းလဲ ရှာဖွေစေသည်။
(ဃ) ဝတ်မှုန်ကူးမည့် စိုက်ခင်းအတွင်းရှိ အပင်များတွင် ဝတ်မှုန်များ ရင့်မှည့်ခြင်းမပြုမီ ပျားအုံများ ကြိုတင်နေရာချထားခြင်း မပြုရ၊
(င) ပျားအုံများအနီးတွင် ရေအလွယ်တကူရရှိစေရန် စီမံထားရမည်။ ရေအလွယ်တကူရရှိခြင်းကြောင့် ရေသယ်ယူရန် အချိန်လျော့နည်းပြီး ဝတ်မှုန်သယ်ယူမည့် ပျားအရေအတွက် ပိုမိုများပြားလာမည် ဖြစ်သည်။
ပျားဖြင့် ဝတ်မှုန်ကူးပေးခြင်းသည် သီးနှံအထွက်နှုန်း တိုးတက်စေရန်၊ သီးနှံအရည်အသွေး ကောင်းမွန်စေရန်နှင့် စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုရန် မရှိမဖြစ်လိုအပ်သော သဘာဝလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ပျားများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပိုးသတ် ဆေးများကို စနစ်တကျအသုံးပြုခြင်းနှင့် စိုက်ပျိုးသူများ၊ ပျားမွေးမြူသူများ ပူးပေါင်းဆောင်ရွက်ခြင်း တို့သည် အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးသော အချက်များဖြစ် ပါသည်။ ။


