ဩစတြီးယားနိုင်ငံက ကပ်ရောဂါဗိုင်းရပ်စ်ပိုး တွေ့ရှိမှု များလာတဲ့ အီးယူ အဖွဲ့ဝင်နိုင်ငံ အချို့အား လာရောက်ခွင့် ကန့်သတ်

၉ ဇူလိုင်

 

 

ဩစတြီးယား အစိုးရက အီးယူအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယားနဲ့ ဘူဂေးရီးယား နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် အဲဒီနိုင်ငံသားတွေအား ခရီးသွားလာခွင့် ကန့်သတ် ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

အစိုးရအဖွဲ့ အစည်းအဝေး အပြီးမှာ ဝန်ကြီးချုပ် စဘတ်စတိုင်း ကတ်ဇ် က ဩစတြီးယား နိုင်ငံသားတွေကိုလည်း ရိုမေးနီးယားနဲ့ ဘူးဂေးရီးယား နိုင်ငံတွေကို မသွားဖို့နဲ့ အဲဒီနိုင်ငံတွေကနေ ပြန်လာခဲ့ရင်လည်း ၁၄ ရက်တိတိ သီးခြား စောင့်ကြည့်မှုအောက်မှာ နေရမယ် (သို့မဟုတ်) ပိုးမတွေ့ရှိကြောင်း လက်တလော စစ်ဆေးထားတဲ့ အဖြေပေးနိုင်ရမယ်လို့ ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ်က မော်ဒိုဗာ နိုင်ငံကိုလည်း အခု ကန့်သတ်ထားထားတဲ့ စည်းမျဉ်းထဲမှာ ပါရှိကြောင်းနဲ့ အဲဒီသုံးနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ သူတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတာ ပိုများလာကြောင်း ဆက်ပြောပါတယ်။

 

 

အခု သီတင်းပတ် အတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ပေါင်း ၁၇၀ နီးပါးဟာ နိုင်ငံခြားမှ တင်သွင်းလာတဲ့ ပိုးတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ရိုမေးနီးယား နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၅၅ ဦးရှိတဲ့အတွက် ပိုးတွေ့ရှိသူ အများဆုံး နေ့ဖြစ်ကြာင်း အရေးပေါ်ဌာနရဲ့ တာဝန်ရှိသူ ရိ အာဖတ် က ပြောကြားလိုက်ပါတယ်။ လူတွေဟာ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် အခုလိုဖြစ်ကြောင်း အာဖတ်က ပြစ်တင်ပြောဆိုပါတယ်။

 

 

ဘူဂေးရီးယားနိုင်ငံမှာ အခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် နှစ်ဆ ဖြစ်လာကြောင်း၊ ဇွန်လ လယ်က ပိုးတွေ့ရှိသူ ၅၀၀-၅၅၀ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၁,၁၀၀ ကျော် တွေ့ရှိကြောင်း သိရပါတယ်။

 

 

ဩစတြီးယားနိုင်ငံမှာ ကပ်ရောဂါပိုး တွေ့ရှိသူ ၁၈,၄၄၄ ဦးရှိပြီး သေဆုံးသူ ၇၀၆ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP