ဩစတြေးလျနိုင်ငံ၌ ဆောင်းရာသီအဝင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်

ဇွန် ၇

 

ဩစတြေးလျနိုင်ငံတွင် ဆောင်းရာသီအဝင် သီတင်းပတ်နှစ်ပတ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားမှု ၄၀ ရာခိုင်နှုန်းကျော်မြင့်တက်လာကြောင်း ဖော်ပြထားသည်။

 

ကျန်းမာရေးဌာနမှ ၂၀၂၃ ခုနှစ် တုပ်ကွေးရောဂါဖြစ်ပွားမှုစောင့်ကြည့်ရေးနောက်ဆုံးအစီရင်ခံစာအရ မေလ ၂၈ ရက်အထိ နိုင်ငံတစ်ဝန်းတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၇၈၁၆ ဦးရှိကြောင်းအတည်ပြုထားပြီး ၅၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

မေလ ၁၄ ရက်အထိ တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၃၁၈ ဦးရှိရာမှ ၄၃ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း ဖော်ပြထားသည်။

 

တုပ်ကွေးရောဂါဖြစ်ပွားမှုကို ဧပြီလကစတင်စောင့်ကြည့်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် တက်ရောက်ကုသမှုခံယူသူအားလုံး၏ ၇၆ ရာခိုင်နှုန်းသည် တုပ်ကွေးရောဂါဖြစ်ပွားသူများဖြစ်ပြီး အသက် ၁၆ နှစ်အောက်လူငယ်များဖြစ်သည်ဟု သိရသည်။

 

ကျွမ်းကျင်သူများက အသက်ငါးနှစ်အောက် ကလေးများအကြား တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ရသည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို