နယူးဇီလန်နိုင်ငံမှာ တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံသူ ရှိလာ

၂၅ ဇန်နဝါရီ

 

 

နယူးဇီလန်နိုင်ငံမှာ တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံသူ တစ်ဦးရှိကြောင်းနဲ့  နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာ နှစ်လကျော် အတွင်းမှာ ပထမဆုံး ပိုးတွေ့သူ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ခရစ် ဟစ်ကင်စ်က ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန် ကြေညာပါတယ်။

 

 

အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဟာ လတ်တလော ဉရောပနိုင်ငံတွေကနေ ပြန်ရောက်လာသူဖြစ်ပြီး၊ သီတင်းနှစ်ပတ် သီးသန့်စောင့်ကြည့်မှု (quarantine) နေထိုင်ခဲ့ပါတယ်။ သီးသန့်စောင့်ကြည့်မှု အောက်တွင် နေထိုင်ပြီး ၁၀ ရက်မြောက်နေ့ (ဇန်နဝါရီ ၂၃ ရက်)တွင် ရောဂါပိုး စစ်ဆေးရာတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

 

တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ဟာ မူလ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ကူးစက်နှုန်း မြန်ကြောင်း သိရပါတယ်။ ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးဟာ quarantine ကာလအပြီး အော်ကလန်း ပြည်နယ် အနီးရှိ နော့်လန်း ဒေသတစ်ဝိုက်ကို ခရီးသွားခဲ့ကြောင်း သိရပါတယ်။

 

 

ရောဂါပိုး တွေ့ရှိသူ အမျိုးသမီး၊ ခင်ပွန်းအပါအဝင် ၂ ဦးတို့ဟာ နိုင်ငံကို ပြန်လည်ရောက်ရှိပြီး နောက် ရောဂါပိုးစစ်ဆေးရာတွင် ပိုးမတွေ့ခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။

 

 

လူဦးရေ ၅ သန်းနေထိုင်တဲ့ နယူးဇီလန်နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကိုင်တွယ်ပုံဟာ အထူးကျေနပ်စရာ ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၉၂၇ နဲ့ သေဆုံးသူ ၂၅ ဦးသာ ရှိကြောင်း သိရပါတယ်။

 

 

တောင်အာဖရိက ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးဟာ ရောဂါလက္ခဏ ပိုပြင်းထန်ကြောင်း သို့မဟုတ် ရောဂါပိုးကြောင့် သေဆုံးမှု များကြောင်းကိုတော့ သက်သေအထောက်အထား မတွေ့ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား - AFP