နယူးဒေလီမှာနေထိုင်တဲ့ လေးပုံတစ်ပုံ နီးပါးသော သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေကြောင်း လေ့လာတွေ့ရှိ

၂၃ ဇူလိုင်

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ လေးပုံတစ်ပုံ နီးပါးသော သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တတိယအများဆုံး နိုင်ငံအဖြစ် အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ နောက်မှာ ရှိနေခဲ့ပါတယ်။

 

ဒေလီမှာနေထိုင်သူတွေထဲမှ တွေ့ရာလူပေါင်း ၂၁,၃၈၇ ဦးကို ရောဂါထိန်းချုပ်ရေးစင်တာ (NCDS) မှ သွေးစစ်ကြည့်ရာ ၂၃ ဒသမ ၄၈ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။

 

ဒေလီမှာ နေထိုင်သူ သန်း ၂၀ ကျော်သော သူတွေထဲက ၄ ဒသမ ၇ သန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနိုင်ကြောင်း ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုထုတ်ပြန်ချက်မှာပါရှိတဲ့ အရေအတွက်ဟာ တရားဝင်စာရင်း ၁၂၅,၀၀၀ ဦးထက် အကြိမ် ၄၀ များနေကြောင်း တွေ့ရပါတယ်။

 

ဒီလေ့လာချက်ကို ဇွန် ၂၇ မှာ ဇူလိုင် ၁၀ ရက်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

နယူးဒေလီရှိ ၇၅ ရာခိုင်နှုန်းသော လူတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း ရောဂါထိန်းချုပ်ရေးစင်တာ (NCDS) ရဲ့ အကြီးအကဲ ဆူဂျစ်ကုမာဆင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

 

အိန္ဒိယကျန်းမာရေးဝန်ကြီးကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁ ဒသမ ၁၉ သန်းနဲ့ သေဆုံးသူ ၂၉,၀၀၀ ရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

 

မဟာရပ်ချ်တာ၊ ဒေလီနဲ့ တမီးနာဒူးပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းများတာကို တွေ့ရပါတယ်။

 

ကပ်ရောဂါပိုးကို ထိန်းချုပ်ရန် မတ်လကုန်ပိုင်းကစပြီး နိုင်ငံနဲ့အဝန်းကို အသွားအလာကန့်ခဲ့ပေမယ့် စီးပွားရေးအပေါ်မှာ ထိခိုက်မှုရှိတဲ့အတွက် ကန့်သတ်မှုတွေကို တဖြည်းဖြည်းဖြေလျော့ခဲ့ပါတယ်။

 

ဒါပေမယ့် ဘန်ဂလော၊ ဘီဟား၊ အနောက် ဘန်ဂေါ၊ ကီရီလာနဲ့ တမီးနာဒူးလို သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေက ဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် သီးခြားကန့်သတ်မှုတွေ ပြန်လည်ပြဋ္ဌာန်းလာတာကို တွေ့ရပါတယ်။

 

ဒေလီမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁,၀၀၀ ကျော်သာ ရှိခဲ့တဲ့အတွက် ရက်ပေါင်း ၄၉ ရက်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အနည်းဆုံးနေ့လို့ ဆိုရမှာဖြစ်ပါတယ်။ ဇွန်လကုန်ပိုင်းမှာ ၄,၀၀၀ နီးပါးအထိ အများဆုံးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP