နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အဖမ်းအဆီးများသဖြင့် လက်ရှိထွက်ပေါ်သည့် နွေစပါးဈေးနှုန်း ငွေကျပ် တစ်သိန်းခန့် ကျဆင်း 

မန္တလေး ၂၅  မတ်


နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အဖမ်းအဆီးများသဖြင့် တရုတ်နိုင်ငံသို့ ဆန်မတင်ပို့နိုင်သေးသည့်အတွက် လက်ရှိထွက်ပေါ်သည့် နွေစပါးဈေးနှုန်းမှာ ယခင်နှစ်အောက် ငွေကျပ် တစ်သိန်းခန့် ဈေးကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များ အသင်းထံမှ သိရသည်။


ရက် ၉၀ နွေစပါးမှာ မန္တလေးတိုင်းဒေသကြီးအတွင်း မထွက်ပေါ်သေးဘဲ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် ထွက်ပေါ်နေပြီး စပါးဈေးနှုန်းမှာ ယခင်နှစ်က တင်းတစ်ရာလျှင် ငွေကျပ် ခြောက်သိန်းခွဲ ဈေးရှိသော်လည်း ယခုနှစ်တွင် ငွေကျပ် ငါးသိန်းခွဲခန့်ထိ ရှိသောကြောင့် ငွေကျပ်တစ်သိန်းခန့် ဈေးကျဆင်းသွားကြောင်း သိရသည်။


"ပြည်တွင်း ဆန်စက်တွေနဲ့ ဆန်ကုန်သည်တွေ ဆီမှာလည်း ဆန်တွေက သောင်တင်နေတယ်။ ဆန်စက်တွေမှာလည်း စပါးတွေကပုံနေပြီ။ စပါးလှိုင်လှိုင်ပေါ်တဲ့ အချိန်ထိ ဒီအတိုင်းဆက်သွားရင် တောင်သူတွေ၊ ဆန်စက်တွေ၊ ကုန်သည်တွေ အခက်ကြုံ ကြပါလိမ့်မယ်။" ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။


တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်စည်များကို ဖမ်းဆီး အရေးယူနေသည့်အတွက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို သုံးလကျော် ရပ်နားထားရပြီး တရားဝင် တင်ပို့ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့်အတွက် တရားမဝင်တင်ပို့မှုနှင့် တရားဝင် တင်ပို့မှုများကိုပါ ရပ်နားထားရကြောင်း သိရသည်။ 


သူရိန်လင်း