နယ်စပ်ဒေသများ ချက်ချင်းပြန်လည်ဖွင့်လှစ်ရန် နိုင်ဂျီးရီးယားသမ္မတ ညွှန်ကြား

၁၇ ဒီဇင်ဘာ

 

နိုင်ဂျီးရီးယားသမ္မတ မူဟာမက်ဒူ ဘူဟာရီက မှောင်ခိုလုပ်ငန်းများကို ထိန်းချုပ်ရန် လွန်ခဲ့သော ၁၆ လက ပိတ်ထားခဲ့သည့် နယ်စပ်ဒေသ လေးခုကို ချက်ချင်းပြန်လည်ဖွင့်လှစ်ရန် အတည်ပြုခဲ့ကြောင်း အစိုးရအကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

သမ္မတက  နယ်စပ်ဒေသလေးခုဖြစ်သော အနောက်တောင်ဘက်ရှိ စီမီ၊ အနောက်မြောက်ဘက်ရှိ အီလီလာ၊ မြောက်ဘက်ရှိ မီဂါတာရီနှင့် တောင်ဘက်ရှိ အမ်ဖမ်နယ်စပ်ဒေသတို့ကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုပြောကြားခဲ့သည်ဟု ဘဏ္ဍာရေး၊ ဘတ်ဂျက်နှင့်အမျိုးသားစီမံကိန်းရေးဆွဲရေးဝန်ကြီး ဇိုင်နတ် အာမက်က အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးအပြီး သမ္မတနန်းတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

 

နယ်စပ်ဒေသများဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး သမ္မတကော်မတီက ထောက်ခံချက်ပေးခဲ့ပြီးနောက် ယင်းနယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်ရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော နယ်စပ်ဒေသများကို  ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြန်လည်ဖွင့်လှစ်ရန် မှတ်ချက်ပြုခဲ့သည်ဟု ထိုဝန်ကြီးက ဆိုသည်။

 

ထိုနယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်နေစဉ် ဆန်၊ မွေးမြူရေးကြက်ငှက်များနှင့် အခြားထုတ်ကုန်များ တင်သွင်းမှုကို ပိတ်ပင်ထားရန်လည်း နိုင်ဂျီးရီးယားခေါင်းဆောင်က ညွှန်ကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

နိုင်ဂျီးရီးယားအာဏာပိုင်များက နိုင်ဂျီးရီးယားနှင့် ၎င်း၏ပြည်သူများကို ထိခိုက်နစ်နာစေသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးစံနမူနာများ ထိန်းသိမ်းလိုက်နာမှု အားနည်းခြင်းကို ရည်ညွှန်းကာ အနောက်အာဖရိကအိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသများကို ၂၀၁၉ ခုနှစ် ဩဂုတ်လက ပိတ်ထားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို