ဉာဏ်ရည်တုနည်းပညာကို အသုံးပြုသည့် အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်များ တွေ့ရှိ

တိုကျို၊ မတ် ၁၈

ဉာဏ်ရည်တုနည်းပညာကို အသုံးပြုသည့် အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်များ၏ လိမ်လည် လှည့်ဖြားမှုများကို သတိထားရန် ပြည်သူများကို တာဝန်ရှိသူများက သတိပေးထားသည်။ အဆိုပါ အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်အတု ၁၀ ခုကျော်ကို ဂျပန်၊ အမေရိကန်နှင့် အရှေ့ တောင်အာရှနိုင်ငံများ၌ တွေ့ရှိရကြောင်း သိရသည်။ ဘာသာစကား ၂၀ အသုံးပြုနိုင်သည့် ဉာဏ်ရည်တု Chatbot ဆော့ဝဲလ်များကို အွန်လိုင်း အရောင်းအဝယ် လိမ်လည်မှု ဝက်ဘ်ဆိုက်အမျိုးအစား သစ်အတွက် အသုံးပြုထားကြောင်း သိရသည်။

အရှေ့တောင်အာရှတွင် အဓိကလုပ်ငန်း လည်ပတ်လျက်ရှိသည့် အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Carousell ၏ ဗားရှင်းအတုကို အွန်လိုင်းလိမ်လည်သူများက တုပဖန်တီးခဲ့သည်။

ဝက်ဘ်ဆိုက်အစစ်၏ လိုဂိုကို အသုံးပြုထားသည့် အဆိုပါဝက်ဘ်ဆိုက်အတုတွင် ဈေးဝယ်သူများအား အမျိုးအစားအလိုက် ထုတ်ကုန်များကို စိတ်ကြိုက်ရှာဖွေရွေးချယ်ခွင့်ပေးထားသည်။ ဝက်ဘ်ဆိုက်အတုတွင် အသုံးပြုထားသည့် Chatbot ဆော့ဝဲလ်များသည် ငွေကြေးအများအပြားကို လိမ်လည်သူထံသို့ လွှဲပြောင်းပေးရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဉာဏ်ရည်တုနည်းပညာကို လိမ်လည်မှုများအတွက် အသုံးပြုခြင်းသည် ပြင်းထန်သော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

AI Chatbot များသည် ဘာသာစကားစွမ်းရည်ကို မြှင့်တင်ပေးသည့်အတွက် အွန်လိုင်းအရောင်းအဝယ် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူမှုရှိသော်လည်း ဝက်ဘ်ဆိုက်အတုများကို ဖော်ထုတ်ရန် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်