နီဇော်သစ်

ပြီးခဲ့သည့်အပတ်က  ကန့်သတ်ထိန်းချုပ်မှု အကြောင်းပြောခဲ့သည်။ ကန့်သတ်ထိန်းချုပ်မှုသည် အေအိုင်နည်းပညာကို ရပ်တန့်နိုင်စွမ်းကိုမဆိုလို။ နည်းပညာတစ်ရပ်၏  ရိုက်ခတ်ပျံ့နှံ့မှုကို  တားဖို့လည်းမဖြစ်နိုင်။ ထို့ကြောင့် လှိုင်းဟုဥပမာထားပြီး သုံးနှုန်းကြခြင်းဖြစ်သည်။ သို့သော် အကျိုးဆက် များကိုမူ ထိန်းကျောင်းနိုင်သည်။ အကျိုးဆက်များ ကန့်သတ်ထိန်းချုပ်မှုမှာ အစိုးရ၊ ကော်ပိုရိတ်ကြီးများ၊ အဖွဲ့အစည်းများမှသည် တစ်ဦးတစ်ယောက်ချင်းစီအထိ အလွှာအမျိုးမျိုးရှိနိုင်သည်။ အပေါ်ပိုင်းအလွှာများကို  ကျွန်တော်တို့ ချဉ်းကပ်ဖို့မဖြစ်နိုင်ပါ။ ကျွန်တော်တို့  အဓိကအာရုံစိုက်ရမည်မှာ တစ်ဦးတစ်ယောက်ချင်းစီပေါ်သို့ လွှမ်းခြုံလာမည့် ဉာဏ်ရည်တုလှိုင်းအောက်တွင် နစ်မသွားဘဲ ပေါ်နေအောင် ဘယ်လိုလုပ်မလဲ၊ တစ်နည်းအားဖြင့် ဉာဏ်ရည်တုလှိုင်းကို ဘယ်လို စီးမလဲဆိုသည့် မေးခွန်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဉာဏ်ရည်တုနည်းပညာသည် တစ်ဦးတစ်ယောက်ချင်းစီထံသို့ ပါဝါပြန်လည်ဖြန့်ဝေမှုအားကောင်း သည့်အကြောင်း ရှေ့တွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဥပမာ လွန်ခဲ့သည့်  ၁၀ နှစ်လောက်က လူ ၁၀ ယောက်လောက်နှင့်  ငွေရင်းအတိုင်းအတာ တစ်ခုလိုအပ်သော အွန်လိုင်းဝန်ဆောင်မှု အက်ပ်လို လုပ်ငန်းတစ်ခုကို ယခုအချိန်တွင် အေအိုင်အမျိုးမျိုး၏ အထောက်အပံ့ကိုယူပြီး တစ်ယောက်တည်း စတင်တည်ထောင်နိုင်သည်။ ထိုအချက်မှာ စိတ်ကူးယဉ်မဟုတ်၊ လက်တွေ့ဖြစ်သည်။  ယင်းမှာ နည်းပညာလုပ်ငန်းဖြစ်နေ၍ ရခြင်းမဟုတ်ပါ။ အေအိုင်နည်းပညာသည် လုပ်ငန်းနယ်ပယ်အမျိုး မျိုးသို့  စိမ့်ဝင်ပျံ့နှံ့နိုင်ပါသည်။ တစ်ခုရှိသည်မှာ သင်္ချာလိုပြောရလျှင်   ဉာဏ်ရည်တုသည် ကိုယ့် ဉာဏ်ရည်ထဲသို့   လာပေါင်းသည့်အရာမဟုတ်။ လာမြှောက်သည့်အရာဖြစ်သည်။ တစ်နည်းအားဖြင့် အေအိုင်သည် မြှောက်ဖော်ကိန်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ့်အသိဉာဏ်ပညာက သုညဖြစ်နေ လျှင် ဘာမှလုပ်မရသလို အေအိုင်သုညဖြစ်နေလျှင် ဘာမှလုပ်မရသည့်အချိန်တစ်ခုသို့ ရောက်လာ လိမ့်မည်။

ကျွန်တော်တို့လို တတိယလှိုင်းနိုင်ငံတစ်ခုမှ သာမန်ပြည်သူတစ်ယောက်အနေဖြင့် ထိုအချက်မှာ အလွန်အလေးထားဖို့လိုသည်။ အကြောင်းမှာ ကျွန်တော်တို့ထံတွင်   ကျွန်တော်တို့ကို  အေအိုင်နည်းပညာ၏ ဆိုးကျိုးများမှ အကာအကွယ်ပေးဖို့ ဆန္ဒရှိသည့်တိုင် လုပ်နိုင်စွမ်းရှိသည့် အဖွဲ့အစည်း များ ပိုင်ဆိုင်မထားပါ။ တိုင်းပြည်အနေဖြင့်လည်း အချုပ်အခြာအာဏာပိုင် အေအိုင်မရှိသေးပါ (အချုပ်အခြာအာဏာပိုင် အေအိုင်အကြောင်း သီးသန့်ဆွေးနွေးပါမည်)။ ထို့ကြောင့် အေအိုင်လှိုင်းကို စီးဖို့ ကိုယ့်အားကိုယ်ကိုးသည့် နည်းလမ်းမှအပ အခြားမရှိပါ။ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ဖို့ဆိုလျှင်  ပညာက အဓိကနေရာမှပါဝင်လာသည်။ ဤနေရာတွင် ကျောင်းသင်ရိုးများကိုသွားပြီး အပြစ်ပြော နေ၍ မရပါ။ အင်တာနက်ပေါ်တွင် ကိုယ်သင်ချင်သမျှ အရာအားလုံးရှိနေပါသည်။ အမှန်တကယ်ရှိပါသည်။ သင်ယူချင်စိတ်ရှိဖို့နှင့်   အမှန်တကယ်သင်ယူဖို့သာ လိုအပ်ပါသည်။

ဘဝတစ်သက်တာ သင်ယူမှုဆိုသည်မှာ ကျွန်တော်တို့ ဆယ်တန်းကျောင်းသားဘဝလောက် ကတည်းက ခေတ်စားခဲ့သည့်စကားလုံးဖြစ်သည်။ ထိုစဉ်က နားလည်ခဲ့သည်ဟုထင်သော်လည်း ယခုအချိန်တွင်မှ တကယ်နားလည်လာသည်။ နောက်နှစ်အနည်းငယ်အကြာတွင် ယခုနားလည် နေသည်မှာ မဟုတ်သေးကြောင်း ထပ်ပြီး သဘောပေါက်ချင်လည်း ပေါက်သွားနိုင်ပါသည်။ အရေးကြီးသည်မှာ အဆက်မပြတ်သင်ယူနေဖို့ပင်။ ယနေ့ခေတ်၏ အဆက်မပြတ်သင်ယူသည့် ပုံစံမှာ ဘာသာရပ်တစ်ခုကို အစအဆုံးလေ့လာနေခြင်းမျိုးမဟုတ်ပါ။ ထိုအချက်က အရေးကြီးပါ သည်။ ကိုယ်ဘာလုပ်ချင် တာလဲဆိုသည်ကို အရင်ဆုံးဖြတ်ရသည်။ ပြီးမှ လိုအပ်သည့် ဘာသာရပ်ထဲမှ လိုအပ်သလောက်သာ သင်ယူနိုင်သည်။ ထို့ကြောင့် တစ်ခုခုလုပ်ရင်း သင်ယူခြင်းက အကောင်းဆုံးလမ်းကြောင်းတစ်ခုဟု ဆိုနိုင်သည်။

ကျွန်တော်တို့လို တတိယလှိုင်းနိုင်ငံတစ်ခုတွင် လက်ရှိကြုံနေရသည့် ပတ်ဝန်းကျင်အနေအထားအရ အေအိုင်သုံးပြီး စာရေးနိုင်သည်။ ပတ်ဝန်းကျင်တွင် လိုအပ်သည်ဟုထင်ရသည့် အက်ပ်တစ်ခုရေးနိုင်သည်။ ဗီဒီယိုများ ဖန်တီးနိုင်သည်။ ငွေရင်းမများသော  ဒီဂျစ်တယ်စီးပွားရေးတစ်ခုခု လုပ်နိုင်သည်။ ဒီဂျစ်တယ်ထုတ်ကုန်တစ်ခုခု ဖန်တီးနိုင်သည်။ ထိုအရာများအားလုံးကို အရင်က တစ်ဦးတစ်ယောက် တည်းလုပ်ဖို့မဖြစ်နိုင်။ သို့သော် အေအိုင်လှိုင်းထဲတွင် ဖြစ်နိုင်သည်။ ထပ်ပြောပါမည်။ လေ့လာသင်ယူချင်စိတ်ရှိဖို့နှင့် အမှန်တကယ်လေ့လာသင်ယူဖို့သာ လိုအပ်သည်။ မအောင်မြင်လည်းကိစ္စမရှိပါ။ ငွေရင်း မရှိသလောက်နည်းသဖြင့် အဆင်ပြေလောက်ပါသည်။ ပေးလိုက်ရသည့်အချိန်အတွက် ရလာသည့် အတွေ့အကြုံများက ကာမိပါသည်။  ထို့ကြောင့် တစ်ခုခုတည်ဆောက်ခြင်းက အေအိုင်လှိုင်းကို စီးဖို့ နည်းလမ်းများထဲမှ တစ်ခုဟုဆိုချင်ပါသည်။

သတင်းနည်းပညာကိုသုံး၍ အချက်အလက်များ စုဆောင်းသန့်စင်စီမံပြီး ဘာလုပ်ရမလဲဆိုသည့် အမြင်တစ်ခုရလာချိန်တွင် အေအိုင်နည်းပညာကို သုံး၍   တစ်စုံတစ်ရာကို  ကိုယ်တိုင်တည်ဆောက်ယူခြင်းမှာ အေအိုင်ခေတ်၏ သင်ယူရေးလမ်းညွှန် ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ အေအိုင်ကိုအသုံးချခြင်းမှာ prompt ရေးခြင်းသက်သက်မဟုတ်ပါ။ အေအိုင်ကို အသုံးချခြင်းသည် လမ်းဆုံးမဟုတ်ပါ။ အေအိုင်ကိုအသုံးချပြီး ကိုယ်ပိုင်ရရန်ပိုင်ခွင့်(Asset) တစ်ခုတည်ဆောက်ခြင်းကမှ ကိုယ်ပိုင်လမ်းကြောင်းဖြစ်ပါသည်။ ထိုသို့လုပ်ခြင်းကြောင့် အေအိုင်လှိုင်းကြီး၏ လွှမ်းမိုးမှုအောက်မှ   လွတ်ပြီဟု လည်းမဆိုလိုပါ။ ပလက်ဖောင်းတို့ကို ချုပ်ကိုင်ထားသော အစိုးရအဖွဲ့များ သို့မဟုတ် ကော်ပိုရိတ်ကြီးများ၏ လွှမ်းမိုးမှုအောက်မှ လွတ်စရာအကြောင်းမရှိပါ။ သို့သော် မြန်သည်ထက်မြန်လာသည့် အပြောင်းအလဲများကြားထဲတွင် ကြိတ်ခြေဝါးမျိုခြင်းမခံရဘဲ ခြေကုပ်တစ်ခုရအောင်   ကိုယ့်တည်ဆောက်မှုက ကျားကန်ပေးထားနိုင်ပါသည်။ ထို့ပြင် တစ်စုံတစ်ရာကို စဉ်ဆက်မပြတ်   တည်ဆောက်နေခြင်းဖြင့် လှိုင်းကို ဆက်စီးနေဖို့လည်း လိုပါမည်။

လူတော်တော်များများလည်း အေအိုင်လှိုင်းကို လိုက်စီးကြမည်ဖြစ်၍ အေအိုင်က ပြောသည့်အတိုင်း လိုက်လုပ်နေလျှင် ထူးမခြားနားသည့်အရာများ ထွက်လာမည့်ကိစ္စ ရှိနေပါသေးသည်။ ဤနေရာတွင် အေအိုင်က မလုပ်နိုင်သည်များကို ကိုယ်က ထည့်သွင်းနိုင်ရပါမည်။ ဥပမာ ကရုဏာတရား၊ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှုတာဝန်ခံမှု အစရှိသည်တို့ဖြစ်သည်။ ထိုအရာတို့ ထည့်သွင်းလိုက်မှသာလျှင် ကိုယ်တည်ဆောက်ထားသောအရာသည်   ကိုယ်ပိုင်ဝိသေသ လက္ခဏာတစ်ရပ်ကို ဖော်ဆောင်သော ရရန်ပိုင်ခွင့် တစ်ခုဖြစ်လာပါလိမ့်မည်။

စက်မှုတော်လှန်ရေးခေတ်တွင် စက်ကို မသုံးတတ်သူတို့ ကျရှုံးပြီး စက်ကို သုံးတတ်သူတို့ ရှင်သန်ခဲ့သည်။ အင်တာနက်ခေတ်တွင် အင်တာနက်ကို မသုံးတတ်သူတို့ ကျရှုံးပြီး သုံးတတ်သူတို့ ရှင်သန်ကြသည်။ ယခုအေအိုင်ခေတ်တွင်လည်း အလားတူပင်။ အေအိုင်လှိုင်းကို စီးနိုင်ခြင်းသည် အေအိုင်ခေတ် တွင် ရှင်သန်ဖို့ဖြစ်သည်။ “ငါနေတဲ့နေရာမှာ လုပ်လို့မရနိုင်ဘူး”ဟု မငြင်းပါနှင့်။ စမတ်ဖုန်းတစ်လုံးနှင့်   ဝိုင်ဖိုင်  သို့မဟုတ် ဒေတာလိုင်းတစ်လိုင်းရှိလျှင် လုပ်လို့ရပါသည်။ ထိုသို့လုပ်ခြင်းသည် အေအိုင်က ကိုယ့်ထံသို့ပေးလာသော ပါဝါပြန်လည်ဖြန့်ဝေမှုကို အရအမိဆုပ်ကိုင်ခြင်းဖြစ်သည်။ အေအိုင်သည် ဉာဏ်ရည်တု(Artificial Intelligence)ဖြစ်သည်။ ကျွန်တော်တို့ မြန်မာစကားတွင် အသိဉာဏ်ပညာဟု တွဲသုံးသည်။ Intelligence သည် အသိဉာဏ်ဖြစ်သည်။ ပညာ wisdom မဟုတ်။ ထို့ကြောင့်   ကိုယ်ပိုင်အသိဉာဏ်နှင့်  အေအိုင်က ပေးလာသောဉာဏ်ရည်တု မြှောက်ဖော်ကိန်းကို တွဲဖက်ပြီး ပညာဖြင့် အသုံးချခြင်းသည် အေအိုင်လှိုင်းကိုစီးနိုင်မည့် နည်းလမ်းများထဲမှတစ်ခုဟု ဆိုချင်ပါသည်။