နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ  

နတ်မောက် ၊ ၄ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

 

“ကွမ်းသီးအလုံးအိတ်တွေကို ရန်ကုန်က မှာယူရပါတယ်။ ရန်ကုန်ကနေ နတ်မောက်အထိ ကားနဲ့အိမ်အရောက် ကွမ်းသီးအလုံးအိတ် အချိန် (၆၀) တစ်အိတ်ကို (၃၂၀၀၀၀)နှုန်းဖြင့် ဝယ်ယူရပါတယ်။ ကွမ်းသီးအလုံးတွေကို အိမ်မှာရေစိမ်ပြီး နောက်ရက်ကြမှ ကွမ်းသီးစိတ်တဲ့ဓါးနဲ့ ကွမ်းသီးတွေကို အခြမ်းလှအောင် စိတ်ရပါတယ်။ စိတ်ပြီးသားကွမ်းသီးစိတ်တွေကို မြို့မစည်ပင်သာယာရေးဈေးမှာရှိတဲ့ ကွမ်းသီးစိတ်အရောင်းဆိုင်တွေရယ် မြို့ထဲမှာရှိတဲ့ ကွမ်းယာဆိုင်တွေကို ဖောက်သည်ပေးတာ ဖြစ်တဲ့အတွက် ကွမ်းသီးစိတ် (၁)ပိဿာကို (၆၀၀၀)ကျပ်နှုန်း ရောင်းချရပါတယ်” ဟု ကွမ်းသီးစိတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဝေဖြိုးအောင်က ပြောသည်။

 

ကွမ်းသီးအချိန် (၆၀) တစ်အိတ်ကို ကွမ်းသီးစိတ် (၆၅)ပိဿာ ထွက်ရှိပြီး အမြတ်ငွေ ကျပ်သုံးသောင်းမှ လေးသောင်းအထိ  ရရှိကာ မိသားစုအပိုဝင်ငွေ အဆင်ပြေကြောင်း ၎င်းက ဆက်ပြောသည်။

 

မူမူစန်း(နတ်မောက်)