နတ်မောက်မြို့နယ်  န-လက္ခုပ္ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု ဝင်ငွေရရှိ         

နတ်မောက်     မေ   ၂၅

 

စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့် လုပ်ငန်းကို နတ်မောက်မြို့ပေါ် နှင့် မြို့နယ်အတွင်းရှိ  ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေကြကြောင်း သိရသည်။   

 

နတ်မောက်မြို့နှင့် (၂)မိုင်ခန့် ဝေးကွာသည့် န-လက္ခုပ္ပင်ကျေးရွာတွင်လည်း ကိုဝေယံစိုးမှ စပျစ်စိုက်ပျိုးလျက် နတ်မောက်မြို့ပေါ်သို့ ဈေးကွက် တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ 

 

“စပျစ်များကို စတင်စိုက်ပျိုးလာတာ(၃)နှစ်ရှိပါပြီ၊ စိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းနေတဲ့ စပျစ်ပင်တွေကို  ဇန်နဝါရီလမှာ ကိုင်းဖြတ်ပြီး (၆)လအကြာ မေလတွင် စပျစ်သီးတွေကို ရောင်းလို့ရပါပြီ တစ်ပိဿာ လက်ကာစျေး ငွေကျပ် ၃၅၀ဝ၊ လက်လီစျေး ငွေကျပ် ၄၀၀ဝ ရောင်းချရပြီး ရောင်းရငွေဖြင့် မိသားစုဝင်ငွေရရှိသော်လည်း ယခုနှစ်တွင် စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက် စပျစ်သီးများ ရောင်းအားနည်းသည်ဟု” န-လက္ခုပ္ပင် ရွာမှ စပျစ်ခြံပိုင်ရှင် ကိုဝေယံစိုးက ပြောသည်။                      

စပျစ် အမျိုးအစားအမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်) တို့အနက် စားသုံးသူဈေးကွက်တွင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး ဘလပ်ကွင်း၊ နှင့် ဘောဘလပ် စပျစ်ပင်(၃၅၀) စိုက်ပျိုးထားကြောင်း သိရသည်။

 

လှဝင်း (နတ်မောက်ပြန်/ဆက်)