နေပြည်တော်    ဧပြီ    ၂၇

မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်အနေဖြင့်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ၊  နိုင်ငံတကာဖိတ်ခေါ် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လူငယ် မျိုးဆက်သစ်ကစားသမားများကို ရေရှည်စီမံကိန်းဖြင့် စခန်းသွင်းလေ့ကျင့်ပေးရန်အတွက်   ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ လူငယ်မျိုးဆက်သစ် ကစားသမားများအနေဖြင့် နပန်းအားကစားနည်းကို  စိတ်ဝင်စားမှုရှိ၍   အသက် ၂၀ အောက်  ကျန်းမာကြံ့ခိုင်ကာ  အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး  မြန်မာ့နပန်းလက်ရွေးစင်ဖြစ်သည်အထိ   ကြိုးစားအားထုတ်လိုသူ  အမျိုးသား၊ အမျိုးသမီးများ လာရောက်လျှောက်ထားနိုင်ကာ ရွေးချယ်ခံရသည့် သင်တန်းသားများအနေဖြင့် သင်တန်းကို အခမဲ့တက်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါသင်တန်းကို မေလတွင် စတင်ဖွင့်လှစ်ပြီး စခန်းသွင်းလေ့ကျင့်ပေးမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်ရုံးသို့  လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နပန်းအားကစားသမားများစွာကို မွေးထုတ်ပေးထားပြီး ယနေ့အထိ စုစုပေါင်း  ရွှေငါးခု၊ ငွေရှစ်ခု၊ ကြေး   ၂၈  ခုရရှိထားပြီး နိုင်ငံ့ဂုဏ်ကို  နပန်းအားကစားနည်းဖြင့်  မြှင့်တင်နိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်  အထွေထွေအတွင်းရေးမှူး ဒေါ်သီတာမွန်ထံမှ  သိရသည်။

သတင်း - ဟိန်းထက်ဇော်(မြန်မာ့အလင်း)

ဓာတ်ပုံ - နပန်းအဖွဲ့ချုပ်