ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ အိမ်ထောင်စု(၆၈)စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အခက်အခဲမဖြစ်စေရေး ဆန် ၊ ဆီ ၊ ကြက်ဉများ ထောက်ပံ့လှူဒါန်း

ညောင်ဦး စက်တင်ဘာ ၂၁

           

မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကိုဗစ် - ၁၉ ကာလ ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးသည့်အတွက် ခရီးသွားဧည့်သည်များအား မှီခိုအားထားပြု၍ မိသားစုဝင်ငွေ ရရှိအောင်လုပ်ကိုင်နေကြသော ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ယွန်းလုပ်ငန်း လုပ်ကိုင်ကြသူများကို စားဝတ်နေရေး အခက်အခဲမဖြစ်စေရေးအတွက် စက်တင်ဘာ ၂၁ ရက် ၊  နံနက် ၉ နာရီက ရန်ကုန်မြို့ ၊ ဝေမျှခြင်း ပရဟိတအဖွဲ့က ဆန် ၊ ဆီနှင့် ကြက်ဉများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

           

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် အလှူရှင် ဝေမျှခြင်း ပရဟိတအဖွဲ့က ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတအဖွဲ့နှင့် ပူးပေါင်းပြီး မြင်းကပါကျေးရွာရှိ တစ်ပိုင်တစ်နိုင် ယွန်းလုပ်ငန်းလုပ်ကိုင်သော အိမ်ထောင်စု(၆၈)စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည် ၊ ဆီ(၂၅)ကျပ်သားနှင့် ကြက်ဉ(၁၀)လုံးစီတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

           

ယခုကဲ့သို့ ပုဂံညောင်ဦးမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်နေကြသော ယွန်းလုပ်ငန်း လုပ်ကိုင်ကြသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဩဂုတ်လမှ စတင်ကာ ဆန် ၊ ဆီနှင့် ကြက်ဉ စားကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးနေကြောင်း သိရကာ ဆက်လက်၍ ကျန်ရှိသည့် ဝင်ငွေနည်း အိမ်ထောင်စုများကိုလည်း ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာမှ ပရဟိတလူမှုအကျိုးပြု ဆောင်ရွက်လုပ်ကိုင်နေသူ ဦးဝင်းမင်းထွန်း ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )