ညောင်ရွှေမြို့နယ်၊ အင်းနီကျေးရွာမှ ဈေးကွက်ဝင် လိမ္မော်သီးနှင့် ထောပတ်သီးများ

ညောင်ရွှေ ၁၉ နိုဝင်ဘာ

အင်းနီကျေးရွာသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ နီးပါးမြင့်မားသည့် တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သည်။

သဘာဝတောတောင် စိမ့်စမ်းများနှင့် ဆိတ်ငြိမ်အေးချမ်းလှသည့် အင်းနီရွာလေးမှ ဒေသခံ တိုင်းရင်းသားများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်း ပြုကြသည်။

ရွာအနီးဝန်းကျင်ရှိ လျှိုမြောင်တောင်စောင်းများတွင် တောင်ယာများ ခုတ်ထွင်ရှင်းလင်း၍ သနပ်ဖက်ပင်၊ လက်ဖက်ပင်၊ ထောပတ်ပင်၊ လိမ္မော်ပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ငရုပ်၊ ပဲပုပ်၊ ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုးကြသည်။

စိုက်ပျိုးထွက်ရှိသည့် သီးနှံများကို နန်းပန်ဈေး၊ မိုင်းသောက်ဈေး၊ ညောင်ရွှေဈေးနှင့် တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ဈေးကွက်ဝင်သီးနှံများဖြစ်သည့် ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှု အနည်းငယ်ရှိကြောင်းလည်း သိရှိရသည်။

ထောပတ်သီး၊ လိမ္မော်သီးများကို အလေးချိန်နှင့် ရောင်းချခြင်းမဟုတ်ဘဲ အိတ်ပြတ်ရောင်းချကြပြီး အလုံးအကြီးအသေးပေါ်မူတည်၍ တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲမှ လေးသောင်းထိ တန်ဖိုးသတ်မှတ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ