ညောင်လေးပင်မြို့နယ်၌ နွေစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုး

ညောင်လေးပင်၊  ၇  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက စမ်းချောင်းကျေးရွာ ဦးဟံမောင် လယ်ကွင်း၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး‌ပေးခဲ့ကြောင်း သိရသည်။

 

" ကျွန်တော် ကောက်စိုက်စက်နဲ့ လယ်ငါးဧက စိုက်ထားပါတယ်။ ကောက်စိုက်စက်နဲ့စိုက်တာ မျိုးစေ့ကုန်ကျတာ သက်တာတယ်။ အလုပ်သမားခ သက်သာတယ်။ အထွက်နှုန်းပိုတယ်။ စိုက်ဖို့အတွက် ကောက်စိုက်သမငှားမယ်ဆိုရင် တစ်ဧကကို ငွေကျပ် ၄၅၀၀၀ ကုန်ကျပြီး ငှားဖို့မလွယ်ပါဘူး။ စက်စိုက်ကျတော့ တစ်ဧကကို ငွေကျပ် ၂၅၀၀၀ ပဲကျပြီး ခရီးတွင်တယ်။ ပုံမှန်အတိုင်းစိုက်ရင် ‌တင်း ၂၅ဝ တင်း ၃၀၀ လောက်ပဲထွက်တယ်။ ခုစက်နဲ့ စိုက်ခဲ့တာ မနှစ်က နွေစပါးတင်း ၄၅၀ ထွက်တယ်။ မိုးစပါးလည်း တင်း၄၀၀ ကျော်ထွက်ပါတယ်။ ရောင်းချတဲ့အခါမှာလည်း တစ်တင်းကို ပုံမှန်ပေါက်ဈေး ၆၀၀၀ ရှိရင် ခုလိုမျိုးစိုက်ပျိုးနည်းစနစ်နဲ့ဆို မျိုးအနေနဲ့ ပြန်ရောင်းလို့ရပြီး တစ်တင်းကို ငွေကျပ် ၉၀၀၀  ရပါတယ်" ဟု လယ်ရှင် ဦးဟံမောင်က ပြောသည်။

 

ကောက်စိုက်စက်ကို အသုံးပြုစိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင်မျိုးစေ့ ရှစ်ပြည်မှ ၁၀ ပြည့်ခန့်သာကုန်ကျသဖြင့် မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်အားခသက်သာခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း စသည့်ကောင်းကျိုးများရရှိကြောင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးလိုသူ တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀ ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်း က ပြောကြားသည်။

 

နွေစပါးစိုက်ပျိုးမှုကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ပူးပေါင်းဆောင်ရွက်ပေးထားပြီး ယခုနှစ်တွင် နွေစပါး ၂၉၀၃ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယနေ့အထိ ဧက ၂၆၀ စိုက်ပြီးဖြစ်ကာ နွေစပါးကို စက်ဖြင့်စိုက်ပျိုးခြင်းအား ယခု ငါးဧက စတင်စိုက်ပျိုးပြီးဖြစ်ကြောင်း  သိရသည်။

 

သက်လွင် (ညောင်လေးပင်)