ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၉ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၁၄ စက်တင်ဘာ 

ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၉ ရက်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့ညက ရန်ကုန်မြို့ Junction City JCGV အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသသည့် Premier Show အထူးပြပွဲမှ သိရသည်။

ညစ်တွန်းဇာတ်ကားတွင် ဇာတ်လမ်းနှင့် ဇာတ်ညွှန်း Rajat Arora (အိန္ဒိယ)၊ မင်းခိုက်စိုးစန်၊ ထက်မြက်နိုင်ဇင်၊ သရုပ်ဆောင်ဒါရိုက်တာ အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်နှင့် ထက်ထက်ထွန်း၊ နေဆန်း၊ ညောင်ညောင်၊ ထူးသာနှင့် သရုပ်များစွာက ပါဝင်သရုပ်ဆောင်ထားပြီး ဧဝရတ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

“ဟိုအရင် ကျွန်တော်ရိုက်ထားတဲ့ ဇာတ်ကားတွေနဲ့ မတူအောင်၊ ဒီဇာတ်ကားကို အရည်အသွေးကောင်းဖို့ အဓိကထားရိုက်ထားတာပဲ၊ ရန်ကုန်မှာပဲ ရိုက်ထားပါတယ်၊ သိန်းနှစ်ထောင်လောက်ကုန်ကျပါတယ်၊ ပရိသတ်တွေဆီက ရတဲ့ပိုက်ဆံနဲ့ ရိုက်တာပဲ ဒီလိုကားမျိုး ပရိသတ်ကိုချပြလိုက်ရုံနဲ့ကျေနပ်ပါပြီ ပြန်မြတ်တာ ရှုံးတာက ကံပဲလေ၊ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ လုပ်နေပါပြီ၊ ဒီလကုန်ရင် စရိုက်ဖို့ပြင်ဆင်နေပါတယ်” ဟု ဒါရိုက်တာနှင့်သရုပ်ဆောင် အကယ်ဒမီ လူမင်းက ပြောသည်။ 

“ဘဝမှာ စိတ်ညစ်စရာတွေရှိမယ်၊ ညစ်တွန်းမတွန်းဘဲနဲ့ စိတ်ညစ်စရာ မတွေးဘဲ အကောင်းဘက်ကပဲတွေးမယ်၊ လူတစ်ယောက်နဲ့ တစ်ယောက်လည်း သတ်ချင်လောက်အောင် မုန်းလို့ရသလို ဒီလူကို ပြန်ပြီးစာနာ နားလည်ပေးနိုင်ရင်လည်း တကယ့်မိတ်ဆွေကောင်း တစ်ယောက်ဖြစ်သွားနိုင်တယ် ဆိုတဲ့ မက်ဆေ့လေးလည်းရတယ်၊ တကယ့် လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားလေးတွေ ရှိပါတယ်၊ မခိုင်တို့တွေ ရပ်ကွက်ထဲမှာ မြင်ရတာပဲ၊ ဒီကားထဲမှာ သူတို့ခမျာ ကလေးကျောင်းစရိတ်ရဖို့ ရုန်းကန်ရတဲ့ အန်ကယ်လေးရဲ့ ကာရိုက်တာက လူယုတ်မာလည်း မဟုတ်၊ လူလိမ်လည်းမဟုတ်ဘူး၊ ဒါပေမယ့် သူလုပ်တာတွေ အကုန်လုံးက လူတွေ အထင်လွဲစရာ ဖြစ်တယ်၊ အဲဒီလို တောက်လျောက် သူကံဆိုးတာ၊ သူလိမ်ပြီးတော့ အလုပ်လုပ်တာကလည်း သူ့မိသားစုကို ပိုက်ဆံပေးချင်လို့၊ သူ့သားလေးကို ကျောင်းထားပေးချင်လို့၊ အဓိကက ဇာတ်ညွှန်းကောင်းသွားတာနဲ့၊ ကိုလူမင်းကလည်း ကောင်းကောင်းရိုက်တော့ ပိုကောင်းသွားတာပါ၊ လူဆိုတာက ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်ရတဲ့အခွင့်အရေးနဲ့ ကိုယ်ရတဲ့အကျိုးအမြတ်လေးနဲ့ ပျော်အောင်နေတတ်ရင်၊ လူတွေပေါ်မှာ အကောင်းမြင်တတ်ရင် ဘဝကြီးက ပျော်စရာကြီးပါ” ဟု အကယ်ဒမီ ခိုင်သင်းကြည်က ပြောသည်။ 

“ဒီကားထဲမှာ ထက်က စန္ဒီဆိုတဲ့နာမည်လေးနဲ့ Dancer အနေနဲ့ ပါဝင်ထားပါတယ်၊ ပထမဆုံးဇာတ်ကားဆိုတော့ အိုင်တင်တွေ ကြိုလေ့ကျင့်တာတော့ မရှိပါဘူး၊ နှစ်ညတိတိ အကလေ့ကျင့်ခဲ့ရပါတယ်၊ အရင်က Dancer လုပ်ဖူးပါတယ်၊ ဆယ်စုနှစ်ကြာ ပြန်ကတဲ့အခါမှာ အရင်လို သွက်လက်မှု သိပ်မရှိတော့ဘူး၊ ထက်အိပ်မက်က မင်းသမီးအရမ်းဖြစ်ချင်တာ၊ ထက် သရုပ်ဆောင်နေပြီဆိုတာကို ပရိသတ်က အသိအမှတ်ပြုသွားရင် ကျေနပ်မိပါတယ်၊ အန်ကယ်လေးတို့၊ မခိုင်လေးတို့ဆီက လက်တွေ့ရိုက်တဲ့အခါ သင်ယူတတ်ရင် သင်ယူတတ်သလို ပညာတွေရပါတယ်” ဟု သရုပ်ဆောင် ထက်ထက်ထွန်းက ပြောသည်။ 

သန့်ဇင်ဝင်း