နည်းပြမိုယက်စ်အနေဖြင့် အသင်းတွင် ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိမ့်မည်ဟု ဝက်စ်ဟမ်း ယုံကြည်

  ဇွန်

ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းသည် နည်းပြ ဒေးဗစ်မိုယက်စ်အနေဖြင့် အသင်းတွင် ကာလရှည် စာချုပ်သစ် ချုပ်လိမ့်မည်ဟု ယုံကြည်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၅၈ နှစ်အရွယ်ရှိ နည်းပြ မိုယက်စ်သည် အဲဗာတန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ကမ်းလှမ်းခံထားရသည့် နည်းပြတစ်ဦးဖြစ်သည်။

နည်းပြ မိုယက်စ်သည် ယခုနှစ်ရာသီတွင် ဝက်စ်ဟမ်း အသင်းကို ပုံစံကောင်းရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ရာသီပိတ်သိမ်းချိန်တွင် စပါး၊ အာဆင်နယ်တို့အထက် အဆင့်(၆) နေရာဖြင့် ပိတ်သိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် မိုယက်စ်၏ ဝက်စ်ဟမ်းအသင်းသည် လာမည့်နှစ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ခွင့်ရရှိခဲ့သည်။ မိုယက်စ်သည် ဝက်စ်ဟမ်းအသင်းသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကျော့ပြန်လည်ရောက်ရှိ လာပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၆၅ ပွဲ တာဝန်ယူကိုင်တွယ် ထားပြီး ၂၉ ပွဲနိုင်၊ ၁၃ ပွဲသရေနှင့် ၂၃ ပွဲ ရှုံးနိမ့်ထားသည်။

မိုယက်စ်သည် ၂၀၁၉ ခုနှစ်တွင် အဲဗာတန်အသင်းသို့ တစ်ကျော့ ပြန်လည်နည်းပြရန် နီးစပ်ခဲ့ဖူးကြောင်း သိရသည်။ ထို့အပြင် အဆိုပါ နည်းပြ သည် ယခုနှစ်တွင်လည်း အဲဗာ တန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားသူဖြစ်သည်။

သို့သော်လည်း ဝက်စ်ဟမ်းအသင်းက မိုယက်စ်ကို အသင်းတွင် ကာလရှည်စာချုပ် သစ်ချုပ်ဆိုလိမ့်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။ မိုယက်စ်သည် အဲဗာတန်အသင်းကို ၂၀၀၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ၁၁ နှစ်ကြာ နည်းပြခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည်အဲဗာတန်အသင်း ကို နည်းပြခဲ့စဉ်အတွင်း ပွဲပေါင်း ၅၁၈ ပွဲတာဝန်ယူကိုင်တွယ်ခဲ့ရာ ၂၁၈ ပွဲအထိ နိုင်ပွဲရရှိထားသည်။

မိုယက်စ်သည် အဲဗာတန်အသင်း အပြင် မန်ယူ၊ ရီးရဲဆိုစီဒက်၊ ဆန်းဒါးလန်းစသည့် အသင်းများ | ကိုလည်း နည်းပြတာဝန်ယူခဲ့သူ ဖြစ်သည်။

မိုယက်စ်နှင့် ဝက်စ်ဟမ်း အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ယခုနှစ် နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မိုယက်စ်အနေ ဖြင့် ဝက်စ်ဟမ်းအသင်းတွင် ကာလရှည်စာချုပ်သစ် ချုပ်ဆို သွားမလား သို့မဟုတ် အသင်းဟောင်း အဲဗာတန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့သွားမည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

အောင်ဇော်