နမ္မတူ၊ ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန်အတွက် လာရှိုးမြို့မှတစ်ဆင့် ရန်ကုန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း (၅)ဦးသည် ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စင်တာများတွင် စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ကူညီမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးဝင်းကိုထံက သိရှိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များမှာ မိမိတို့၏ ဆန္ဒအလျောက် ကိုယ်တိုင်သွားရောက် ကူညီချင်သည့် အတွက် စာရင်းပေးပြီး သွားရောက်ခြင်းဖြစ်ကြောင်း ဘေးဒုက္ခကျရောက်နေသော သူများကို လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ ဘာသာမရွေး ဆွေမျိုးရင်းချာကဲ့သို့ သွားရောက်ကူညီမည် ဖြစ်ကြောင်း ရန်ကုန်မြို့သို့ သွားရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မည့် နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဌေးဌေးညွန့်က ပြောကြားခဲ့သည်။
ထို့သို့ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၅)ဦးကို မြို့နယ်ကြက်ခြေနီအသင်းမှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် (၂၅၀၀၀၀)ကျပ်အား နမ္မတူမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးဆန်းလွင်မှ လည်းကောင်း၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် (၁၀၀၀၀၀)ကျပ်အားလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၅၀၀၀၀)အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မည့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်(၅)ဦးကို ဒီဇင်ဘာ ၅ ရက်နေ့မှာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)မှ လာရှိုးမြို့သို့ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။
ထိုမှတစ်ဆင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စေတနာဝန်ထမ်း (၃၇)ဦးစုပြီး ရန်ကုန်မြို့သို့ သွားရောက်မှာဖြစ်ကြောင်း ရန်ကုန်မြို့သို့ နမ္မတူမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ယခုလိုစေတနာ့ဝန်ထမ်းအဖြစ် ပထမဆုံးအကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးဆန်းလွင်ထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)


