နမ့်ခမ်း    ၁၆   အောက်တိုဘာ     

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့ရှိ ခုတင်(၁၀ဝ)ဆံ့ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသလျက်ရှိသည့် (သာမန်)လူနာများအသုံးပြုရန် အောက်စီဂျင်စက်နှင့်အသက်ရှူစက်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

 

"ဆေးရုံမှာ အထူးကြပ်မတ်ကုသလူနာတွေနဲ့ အရေးပေါ်ကြပ်မတ်ကုသလူနာတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ စက်ပစ္စည်းလည်းဖြစ်၊ လူနာများအတွက် လုံလုံလောက်လောက် အသုံးပြုနိုင်ရန် ရည်ရွည်ပြီး လှူဒါန်းခြင်းဖြစ်ပါတယ်"ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ရွှေက စက်များ လှူဒါန်းရခြင်း အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

 

နမ့်ခမ်းမြို့  ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်က " ဆေးရုံမှာ ထိခိုက်ဒဏ်ရာရ လူနာတွေ၊ ခွဲစိတ် ကုသလူနာတွေနဲ့ အရေးပေါ်ကြပ်မတ်ကုသရမယ့် လူနာတွေအတွက် အောက်စီဂျင် စက်နှင့် အသက်ရှူစက်တွေ လုံလုံလောက်လောက်ရှိမှသာ လူနာတွေရဲ့ အသက်ကို တစ်နည်းတစ်လမ်းနဲ့ ကယ်တင်နိုင်မှာ ဖြစ်တယ်" လို့ ပြောကြားသည်။

 

ဆိုင်ထွန်း(ပြန်/ဆက်)