နှမ်းဈေးကွက်ကျဆင်းသော်လည်း ပဲတီစိမ်းဈေးကွက်ကောင်းမွန်သဖြင့် တောင်သူများ ခုသာခံသာရှိနေ

မင်းဘူး၊   ၂၄  ဒီဇင်ဘာ

 

COVID ကာလအတွင်း နှမ်းဈေးကွက်ကျဆင်းသော်လည်း ပဲတီစိမ်းဈေးကွက် ကောင်းမွန်နေသဖြင့် တောင်သူများအနေဖြင့် ခုသာခံသာရှိနေခြင်း ဖြစ်ကြောင်း မကွေးတိုင်းမှ တောင်သူများက ပြောသည်။

 

"ပဲတီစိမ်းကတော့ ဒီနှစ်အနေအထားအရ ဈေးကွက်ကောင်းတယ်။ ကျွန်တော်တို့တောင်သူတွေအနေနဲ့ လုပ်ကိုင်ရတာ အဆင်ပြေတယ်။ တခြားသီးနှံတွေဆို မိုးနှမ်းတောင်မှ မရောင်းဘူး ဒီတိုင်း လှောင်ထားရတယ်။ ကိုဗစ်ကာလမှာ အရင်နဲ့မတူတာကတော့ အရင်နှစ်တွေက ပဲနဲ့ပတ်သက်ရင် ဘာပဲမှ ဈေးကွက်မကောင်းခဲ့ဘူး။ နှမ်းစိုက်တာက တွက်ခြေကိုက်ခဲ့တယ်။ ကိုဗစ်နဲ့လည်းကြုံရော နှမ်းဈေးတွေကျပြီး ပဲတီစိမ်းဈေးကွက် ကောင်းလာတယ်။ ပဲတီစိမ်းလေးတစ်ခုကြောင့် ထမင်းစားနေရတယ်။ ဘာကြောင့် ဈေးကွက်ကောင်းလာသလဲတော့ ကျွန်တော်လည်း ဂဃနဏ မပြောတတ်ဘူး။ လက်လှမ်းမီသလောက် သိထားတာတော့ ပဲတီစိမ်းက ဒီနှစ်မှာ အိန္ဒိယဘက်က ကိုတာ အများကြီးတက်တယ်။ တရုတ်ကတော့ နှစ်တိုင်းဝယ်ပေမယ့် သူတို့က ဈေးက ကြိုက်သလို ဝယ်တာ။ အိန္ဒိယဘက်က အဝယ်လာတဲ့နှစ်မှ ပဲတီစိမ်းဈေးပြောင်းတာ။"ဟု မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ သီးကုန်းကျေးရွာမှ တောင်သူ ကိုမျိုးသီဟ က ပြောသည်။

 

မကွေးတိုင်း၊ မင်းဘူးနယ်တစ်ဝိုက် ဒေသများအတွင်း ပဲတီစိမ်းရောင်းချရာတွင် ထိပ်စ၊ ခါး၊ အညံ့ (အောက်စ) စသဖြင့် အရည်အသွေးအဆင့် (၃)မျိုးခွဲခြား၍ ဈေးဖြတ်ရောင်းဝယ်ကြပြီး၊ ယခုနှစ်တွင် ပဲတီစိမ်း ထိပ်စ (၁၉)ပိဿာဝင် တစ်တင်းလျှင် ၄၃,၀၀၀ ကျပ် ပေါက်ဈေးရရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်လုပ်တာတော့ မျက်မြင်အနေအထားကိုပဲကြည့်ပြီး ရွေးချယ်ကြတာ။ ပဲက ခြောက်လား၊ အစိုဓာတ်ဘယ်လောက် ကျန်လဲ မကျန်လဲ၊ အရောင်လှလား၊ မှိုကင်းလား ဆိုတဲ့ ပစ္စည်းအရည်အသွေးကို မျက်မြင်စစ်ဆေးကြည့်ပြီး ဝယ်တယ်။ မိုးဦးဆိုရင် ပဲတီစိမ်းနဲ့နှမ်း၊ မိုးနှောင်းဆိုရင် ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲကြီး၊ မြေပဲ စိုက်တယ်။ ကျွန်တော်တို့ဒေသကတော့ ပဲတီစိမ်းကို မေလကတည်းက စိုက်ကြတယ်။ ဩဂုတ်လထဲဆို ပဲတွေပေါ်ပါတယ်။"ဟု ကိုမျိုးသီဟက ဆက်လက်ပြောပြသည်။

 

အိန္ဒိယမှ ပဲတင်သွင်းခွင့် တန်ချိန် ၃၀၀,၀၀၀ အား ၂၀၂၁ ခုနှစ်၊ မတ်လကုန်အထိ ခွင့်ပြုထားပြီး တရုတ်နိုင်ငံမှလည်း ပဲတီစိမ်းဝယ်ယူမှု မပျက်ခြင်းကြောင့် ပြည်တွင်းပဲတီစိမ်းစျေးကွက် ယခုကဲ့သို့ ကောင်းမွန်နေခြင်းဖြစ်သည်။

 

နန်းထက်ထက်ချစ်