နမ့်စန်တွင် ယင်းနက်တိုင်းရင်းသားရိုးရာ ယက်ကန်းရက်လုပ်မှု၊ တူရိယာတီးခတ်မှုနှင့် ဝါးလက်မှုလုပ်ငန်း သင်တန်းဖွင့်ပွဲကျင်းပ

နမ့်စန်(တ) ဖေဖော်ဝါရီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယင်းနက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပသည့် ယင်းနက်တိုင်းရင်းသားရိုးရာ ယက်ကန်းရက်လုပ်မှု၊ တူရိယာတီးခတ်မှု၊ ဝါးလက်မှုလုပ်ငန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မက်မွန်မုန်း ကျေးရွာအုပ်စု ကုန်းလမ်းကျေးရွာ (Tourisum Village) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မက်မွန်မုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဩတနှင့် ယင်းနက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ စိုင်းလီတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သင်တန်းဖွင့်ပွဲ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်း အမျိုးအစားအလိုက် သင်တန်းဖွင့်လှစ်ပို့ချနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါသင်တန်းကို ယင်းနက်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုပညာများ၊ ပညာရပ်များကို  ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်စေရေးနှင့် လက်မှုလုပ်ငန်း တတ်မြောက်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၅ ရက်အထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ မက်မွန်မုန်းကျေးရွာအုပ်စုနှင့် နောင်ဟီးကျေးရွာရှိ ယင်းနက်တိုင်းရင်းသားကျေးရွာ (၁၀)ရွာမှ ယင်းနက်တိုင်းရင်းသား တိုင်းရင်းသူ (၄၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း ယင်းနက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ စိုင်းလီထံမှ သိရသည်။

 

သူရအောင်(ပြန်/ဆက်)