နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ့ရိုးရာလှေအားကစားသမားများ ပြင်ဆင်နေ

ရန်ကုန်   မေ   ၂၃

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ရိုးရာလှေ အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် လှေလှော်အားကစားနည်း၌ ရိုးရာလှေပြိုင်ပွဲ မပါဝင်သဖြင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ အားကစား ပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ယခင် လက်ရွေးစင်ကစားသမားများ၊ မျိုးဆက်သစ်ကစားသမား များ အပါအဝင် စုစုပေါင်းအင်အား ၄၀ ဝန်းကျင်ဖြင့် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်တွင်း နည်းပြ ဆရာများက တာဝန်ယူလေ့ကျင့်ပေးလျက်ရှိသည်။ လာမည့်နှစ်တွင် ကျင်းပမည့် အားကစားပြိုင်ပွဲများ ဖြစ်သည့် အာရှအားကစားပြိုင်ပွဲ၊ အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတို့တွင် ရိုးရာလှေပြိုင်ပွဲ ပါဝင် မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့သည် ယင်းပြိုင်ပွဲများအတွက် ရည်ရွယ်ပြင်ဆင်နေခြင်းဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ ကျင်းပဖြစ်ပါကလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အောင်မြင်မှုရယူနိုင်ခဲ့

 မြန်မာရိုးရာလှေအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုးရာလှေပြိုင်ပွဲပါဝင်သည့် အကြိမ်တိုင်း အောင်မြင်မှု ရယူနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

ကိုညီလေး