နိုင်ငံတကာအဆင့်မီ သုဝဏ္ဏဖူဆယ်အားကစားကွင်း ဧပြီလတွင် ဖွင့်လှစ်မည်

ရန်ကုန်၊ ၃ ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော နိုင်ငံတကာအဆင့်မီ သုဝဏ္ဏဖူဆယ်အားကစားရုံကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း အနီးတွင် တည်ဆောက်လျက်ရှိရာ မတ်လတွင် တည်ဆောက်မှုပြီးစီး၍ ဧပြီလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထောက်ပံ့ငွေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ တည်ဆောက်နေသော ဖူဆယ်အားကစားကွင်းမှာ နိုင်ငံတကာပွဲစဉ်များကို ကျင်းပရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ရာ ပရိသတ် ၂၀၀၀ ကြည့်ရှုရန် ပြင်ဆင်ထားပြီး လူဦးရေ ၈၀၀ တိုးမြှင့်ကြည့်ရှုနိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

 

အခုတည်ဆောက်မှုကို FIFA က ငွေကြေးထောက်ပံ့ထားတာပါ။ ကျွန်တော်တို့နိုင်ငံအတွက် အားကစားရုံတည်ဆောက်မှုကို တစ်နှစ် အမေရိကန်ဒေါ်လာ ၇ သိန်းခွဲရတာ ၃ နှစ်စုထားပြီး ၂ မီလီယံဘတ်ဂျက်နဲ့ တည်ဆောက်ထားတာကြောင့် အရှေ့တောင်အာရှမှာ ခုလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ တည်ဆောက်နိုင်တာ တစ်နိုင်ငံပဲရှိပါတယ်။ အဲ့ဒီငွေကို မသုံးပဲစုထားခဲ့တာပါ။ မတ်လမှာ တည်ဆောက်မှု ပြီးစီးမှာဖြစ်တဲ့အတွက် ကွင်းဖွင့်ပွဲကို ဧပြီလမှာကျင်းပဖို့ရှိပါတယ်။ FIFA ဉက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖို့ရှိပါတယ်။ ဘောလုံးကိုချစ်လို့ အဖွဲ့ချုပ်မှာလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားမှာပါဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အားကစားကွင်းနှင့် အားကစားရုံဌာနမှူး ဦးကျော်လင်းထွေးက ပြောသည်။

 

ရန်ကုန်မြို့ သုဝဏ္ဏဖူဆယ်အားကစားကွင်းတွင် VIP အခန်း၊ တစ်ပြိုင်တည်း အသင်းလေးသင်းကစားနိုင်သော အဝတ်လဲခန်း ၄ ခန်း၊ သတင်းစာရှင်းလင်းပွဲခန်းမ၊ ပြိုင်ပွဲကျင်းပရေးအခန်း၊ ဒိုင်အဖွဲ့အခန်းနှစ်ခန်း၊ ထိန်းချုပ်ခန်း၊ ကျန်းမာရေးအခန်းနှင့် သန့်စင်ခန်းများကို နိုင်ငံတကာစံနှုန်းနှင့်အညီ တည်ဆောက်ထားပြီး တစ်နှစ်စီမံကိန်းဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ သုဝဏ္ဏဘောလုံးကွင်းကိုလည်း သန့်စင်ခန်းများနှင့် ညပိုင်းတွင် ဘောလုံးပြိုင်ပွဲ ရှင်းလင်းစွာကျင်းပနိုင်ရန် အလင်းရောင်မြှင့်တင်နိုင်မည့် လက်ရှိအလင်းစွမ်းအား ၁၂၀၀ မှ ၂၀၀၀ ထိ အဆင့်မြင့်တင်မည့် လုပ်ငန်းနှစ်ခုကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘောလုံးကဏ္ဍတိုးတက်ရေးကို အားကျိုးမာန်တက် ဆန္ဒရှိသော်လည်း ကိုယ်ပိုင်ကွင်းမရှိသောကြောင့် အခက်အများရှိခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထောက်ပံ့မှုဖြင့် ဖူဆယ်ဘောလုံးကွင်းရရှိပြီးဖြစ်ရာ မြန်မာနိုင်ငံ၏ ဖူဆယ်အားကစားအဆင့် ၃ မှ အဆင့် ၁ သို့ တက်လှမ်းနိုင်ရန် အချိန်ပိုင်းသာလိုတော့ကြောင်း၊ အရှေ့တောင်အာရှတွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အဆင့် ၃ တွင် ရပ်တည်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ ကိုယ်ပိုင်ကွင်းတစ်ခု ပိုင်ဆိုင်ပြီဖြစ်ရာ ဖူဆယ်ဘောလုံးကဏ္ဍအနေဖြင့် အဆင့် ၁ သို့ တက်လှမ်းနိုင်ပြီဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးလောကအတွက်သာမက နိုင်ငံအတွက် မှတ်တိုင်ကျန်ရစ်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်ဘောလုံးကွင်းကြီးကို ဧပြီလတွင် လေးနိုင်ငံပြိုင်ပွဲဖြင့် ဖွင့်လှစ်၍ မြန်မာ့ဘောလုံးအားကစားကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - သန်းစိုး - သန်းထိုက်