နေပြည်တော် ဇူလိုင် ၂၇

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ(MSA)၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ သုံးသပ်လမ်းညွှန် အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးမျိုးသန့်၊ အာကာသသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အာကာသ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာအာကာသ အေဂျင်စီ(MSA)မှ အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားပြုလုပ်မည့် နေရာသို့ ရောက်ရှိရာ အာကာသသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတအား မြန်မာအာကာသအေဂျင်စီ အမှုဆောင်ချုပ်က မြန်မာ အာကာသအေဂျင်စီနှင့် နိုင်ငံတကာမှ အာကာသနည်းပညာဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၊ မိတ်ဖက်ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ သည် မြန်မာအာကာသအေဂျင်စီ ပြခန်းဆောင်သို့ရောက်ရှိရာ မြန်မာ အာကာသအေဂျင်စီ အမှုဆောင်ချုပ်က မြန်မာအာကာသအေဂျင်စီ MAH-1 ERS ဂြိုဟ်တုပုံစံငယ် ပြုလုပ်ထားရှိမှုအား ရှင်းလင်းပြသသည်။ ထို့နောက် မြန်မာအာကာသ အေဂျင်စီပြခန်းအတွင်း၌ ခင်းကျင်း ပြသထားသည့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသ အေဂျင်စီမှ အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစခန်းဆိုင်ရာများ၊ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ Earth Remote Sensing (ERS) Application Platform အား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံချက်များ၊ ပဲခူးမြို့နယ်၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသဖွံ့ဖြိုးရေး အခြေအနေများအား Earth Remote Sensing နည်းပညာဖြင့် လေ့လာသုံးသပ် တင်ပြချက်များ၊ ဂြိုဟ်တုအခြေပြု ရှာဖွေ ကယ်ဆယ်ရေးစနစ်ဆိုင်ရာများ၊ အာကာသနည်းပညာတွင် AI အသုံးပြုမှုများ၊ မြန်မာ အာကာသအေဂျင်စီမှ သုတေသန လုပ်ငန်းများတွင် AI ၏ အခန်းကဏ္ဍများ၊ ADVANCED ROBOTIC SYSTEM၊ မြန်မာအာကာသ အေဂျင်စီနှင့် ဘယ်လာရုစ်နိုင်ငံ စာကြည့်တိုက်အကြား E-Library အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ Library အတွင်း အာကာ သသိပ္ပံနည်းပညာဆိုင်ရာ၊ ကွန်ပျူတာနှင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ၊ သင်္ချာနှင့် ရူပဗေဒဆိုင်ရာတို့ အပါအဝင် သုတ၊ ရသ စာအုပ်စာစောင်များ ဖြည့်သွင်းထားရှိမှု၊ အာကာသ အတွင်း နက်ရှိုင်းစွာ လေ့လာမှု ပြခန်းအတွင်းရှိ မြန်မာအာကာသ အေဂျင်စီမှ နေအာရုံခံကိရိယာ အား အောင်မြင်စွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်မှု၊ အာကာသ အတွင်း တပ်ဆင်အသုံးပြုသည့် ဆိုလာစနစ်၊ ဂြိုဟ်တုရွေ့လျား ထိန်းချုပ်မှုစနစ်၊ အီလက်ထရောနစ် ဆိုင်ရာ အလုပ်ရုံ၊ အာကာသ ရာသီဥတု စူးစမ်းလေ့လာခြင်း၊ အာကာသအခြေအနေ စောင့်ကြည့် လေ့လာခြင်း၊ ပြင်ပအာကာသ ထောက်လှမ်းရေးစနစ်၊ ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက် ကြိုတင်သတိပေးစနစ်၊ လကမ္ဘာ၏ အဖိုးတန်သတ္တုများနှင့် သယံဇာတများ၊ မြန်မာအာကာသ အေဂျင်စီမှ လကမ္ဘာပတ်လမ်း စူးစမ်းလေ့လာရေး ဆောင်ရွက်ထားရှိမှု၊ အင်္ဂါဂြိုဟ်တွင် ပျံသန်းနိုင်သော အင်းဆက်အခြေခံ တောင်ပံခတ် လေယာဉ်ငယ်ဒီဇိုင်းအား သုတေသနပြု တည်ဆောက်ခြင်း၊ လဆင်းယာဉ်များအတွက် AI အခြေပြု အလိုအလျောက် ဆင်းသက်ခြင်းနည်းပညာ စမ်းသပ် ဆောင်ရွက်ထားရှိမှုတို့အား ပြခန်း တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ပြီး ပြခန်းအလိုက် တာဝန်ခံများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာ အာကာသအေဂျင်စီက ဆောင်ရွက် ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်း အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတက “MAH-1 ဂြိုဟ်တု မြေပြင် ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control(MOCC)” အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာ ကြသူများသည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသ အေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်းစဉ်များ၏ မှတ်တမ်း Video အား ကြည့်ရှုကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ထံ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က မြန်မာတစ်နိုင်ငံ လုံး၏ 3D မြေပုံအချက်အလက်များအား အပ်နှံတင်ပြပြီး နိုင်ငံတော်သမ္မတက နိုင်ငံတော် အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသ အေဂျင်စီမှ ဦးစားပေး နည်းပညာများ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့မှုနှင့်စပ်လျဉ်း၍ ဂုဏ်ပြု လက်မှတ်ရေးထိုးပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတ က နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာ အာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းနှင့် ပတ်သက်၍ သုံးသပ်လမ်းညွှန် အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများတိုးတက် ဖွံ့ဖြိုးနေမှုများသည် နိုင်ငံတော် အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်း အနေဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးနှင့်နည်းပညာဆိုင်ရာ တိုးတက် မြင့်မားစေရေးအတွက် အိပ်မက်များ၊ ရည်မှန်းချက်များ ကိုယ်စီရှိ ကြကြောင်း၊ အာကာသနည်းပညာ နှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် စိတ်ကူးများ၊ ရည်မှန်းချက်များ ကိုယ်စီရှိကြ ကြောင်း၊ သို့သော်လည်း အဆိုပါ ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သည်မှာ လွယ်ကူသည့်လုပ်ငန်းရပ် တစ်ခုမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အာကာသနည်းပညာ နှင့်ပတ်သက်၍ ယခင်ကတည်းကပင် စိတ်ဝင်တစားဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ လူသား အရင်းအမြစ်များလည်း ကြိုတင် မွေးထုတ် လေ့ကျင့်ပေးပြီးဖြစ်ကြောင်း၊ မိမိနိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်တွင် အာကာသ နှင့်သက်ဆိုင်သည့် နည်းပညာရပ် များ သင်ကြားနိုင်ရန်အတွက် ပြည်ပသို့ ပညာတော်သင်များကို စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင် အာကာသနည်းပညာများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ အားပေး ဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေ အနေတွင် မြန်မာအာကာသ အေဂျင်စီကို စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။

 

အာကာသ နည်းပညာဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် စက်ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ၊ လူသားအရင်းအမြစ်များ ဖြည့်တင်းရေးနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက် လာမှုများအတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည် ဖြစ်သဖြင့် အာကာသနည်းပညာ ဆိုင်ရာများကို မဖြစ်မနေသိရှိနား လည်ရမည်၊ အကျိုးရှိအောင် အသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပထဝီမြေပြင် ပြောင်းလဲမှုဆိုင်ရာများ၊ မီးတောင် များပေါက်ကွဲခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်မျာကို အာကာသနည်းပညာ အသုံးပြု၍ အသေးစိတ် အချက် အလက်များအား သိရှိနိုင်ကြောင်း၊ ထိုသို့ ဂြိုဟ်တုများ အသုံးပြု၍ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမြေပြင် အတွက် များစွာအကျိုးဖြစ်ထွန်း စေကြောင်း၊ မြေပြင်အချက် အလက်များကို အာကာသတွင်းရှိ ဂြိုဟ်တုများမှရရှိသည့် အချက် အလက်များနှင့် ပေါင်းစပ် ဆောင်ရွက်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ အာကာသ နည်းပညာကို မိမိတို့အနေဖြင့် မဖြစ်မနေ အသုံးချနိုင်ရမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအကျိုးရှိစေနိုင် မည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၏ အာကာသ နည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးကို ကြည့်၍ ပံ့ပိုးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အာကာသနည်းပညာများ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ ယနေ့ သုတေသန ပြခန်းများအတွင်း ပြသထားသည့် လေ့လာဆန်းစစ်မှု များသည်လည်း နိုင်ငံ၏အကျိုး စီးပွားအတွက် များစွာအထောက် အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ အာကာသအတွင်းသို့ ဂြိုဟ်တု လွှတ်တင်နိုင်ရေး သာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အပြင် ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့် အချက်အလက်များသည်လည်း နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်စေနိုင် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို အောင်မြင်အောင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလို ကြောင်း။

 

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်း အမြစ်ကောင်းများကိုလည်း မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် မွေးထုတ် ပေးရမည်ဖြစ်ကြောင်း၊ အာကာသ ဗဟုသုတနှင့် နည်းပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ အာကာသပြတိုက်အား ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းတို့ဖြင့်လည်း အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာစေရေး ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း၊ မိမိအနေဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ ရောက်ရှိစဉ် သိပ္ပံနည်းပညာရပ်များဖြစ်သည့် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒတို့နှင့် ပတ်သက်၍ ပညာတော်သင် သင်တန်းသားများ စေလွှတ်ခွင့်ရရှိရေးအတွက် အလေးအနက်ထား ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တို့နှင့် ပတ်သက်၍ ပညာတော်သင်ဆု များပေးအပ်ပြီး မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် လိုကြောင်း၊ အလားတူ စီးပွားရေး၊ ဥပဒေပညာရပ်များနှင့် ပတ်သက်၍လည်း ပညာသင်ထူးချွန်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အာကာသနည်းပညာ တိုးတက်ရေးသည် နိုင်ငံ၏ ဂုဏ်သိက္ခာပင်ဖြစ်သည့်အတွက် လုပ်ငန်းဆောင် ရွက်မှုများအားလုံး အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုထက် ပိုမိုဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ၊ စက်ပစ္စည်းကိရိယာများ၊ အခြေခံ အဆောက်အအုံများကိုလည်း ဆက်လက်ဖြည့်ဆည်း တည်ဆောက်ပေးသွားရမည် ဖြစ်ကြောင်း။

 

မြန်မာအာကာသအေဂျင်စီအနေဖြင့် အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ယခုကဲ့သို့ လုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင် တိုးတက်မှုရှိစေရေး ကြိုးပမ်း ဆောင်ရွက်ပေးမှုများ အတွက်လည်း ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် အာကာသနည်းပညာဆိုင်ရာနှင့် ပတ်သက်၍ ဂုဏ်ယူ ဝင့်ကြွားနိုင်သော နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာ ကြသူများသည် မြန်မာအာကာသ အေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြ ခြင်းအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံမှ ပထမဆုံးသော အာကာသယာဉ်မှူး တာဝန်ထမ်းဆောင်ရန် အတွက် ပဏာမ ရွေးချယ်ထားရှိသော အာကာသယာဉ်မှူးလောင်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့နိုင်ငံအတွက် ပဏာမ ရွေးချယ်ထားသည့် အာကာသ ယာဉ်မှူးလောင်းများအား ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ အာကာသနည်းပညာ ဆိုင်ရာနှင့် အာကာသယာဉ်မှူးများ မွေးထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းကပင် စတင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်၏ ပထမဆုံးသော အာကာသယာဉ်မှူးများ အဖြစ် တာဝန်ထမ်းဆောင်လို သည့် ပြင်းပြသည့်စိတ်ဆန္ဒများဖြင့် ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်း ခံခဲ့ကြရသည့်အတွက် လည်း ဝမ်းမြောက်မိပါကြောင်း၊ အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံတော် အတွက် ပထမဆုံးသောအာကာသ ယာဉ်မှူးများကို ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ အာကာသ ယာဉ်မှူးလောင်းများ အနေဖြင့် လက်ရှိအခြေအနေအထိ ရောက်ရှိ နိုင်ရေး စာတွေ့၊ လက်တွေ့၊ ကျန်းမာရေးတို့နှင့် ပတ်သက်၍ စိစစ်မှုများကို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ကြရခြင်း ဖြစ်ပြီး အာကာသဆိုင်ရာ အတွေ့အကြုံများ၊ ဗဟုသုတများ၊ နည်းပညာများကို သင်ကြားခဲ့ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အာကာသ နည်းပညာဆိုင်ရာ တန်ဖိုးရှိ လူသားအရင်းအမြစ် ကောင်းများပင် ဖြစ်ကြောင်း။

 

အာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရန် ရည်ရွယ် ဆုံးဖြတ်ပြီးကြသူများ ဖြစ်သဖြင့် မိမိတို့ တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှုရှိသူများ ဖြစ်စေရေးအတွက်လည်း နေထိုင်သွားလာ စားသောက်မှုများကို အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင် သွားကြရန်လိုကြောင်း၊ မိမိတို့ တစ်ဦးချင်းစီ၏ အနာဂတ် ဘဝ ခရီးလမ်းအတွက် အထောက်အကူ ဖြစ်စေမည့် အသိပညာဗဟုသုတများ၊ ဘာသာစကားဆိုင်ရာများ၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသည့် နည်းပညာရပ်ဆိုင်ရာများကိုလည်း စဉ်ဆက်မပြတ် လေ့လာ ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော အာကာသယာဉ်မှူး လောင်းများအဖြစ် လက်ရှိအဆင့် အထိ ရွေးချယ်ခံခဲ့ကြရသူများ ဖြစ်သည့်အတွက်လည်း မိဘများ နှင့်ထပ်တူများစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ဆက်လက်၍ ကြိုးပမ်းအားထုတ် သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပဏာမရွေးချယ်ထားရှိပြီး ဖြစ်သော မြန်မာ့ပထမဆုံးသော အာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်