နေပြည်တော် ဇူလိုင် ၄
လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေ သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား လာအို နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် တွေ့ဆုံရသည့် အတွက် ဝမ်းမြောက်ကြောင်း၊ မိမိအနေဖြင့် လာအိုနိုင်ငံသို့ ယခုလာရောက်ခဲ့သည့် နိုင်ငံတော် အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မိမိအနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း အာဆီယံ နိုင်ငံများထဲတွင် ပထမဆုံးလာရောက်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အစဉ်အလာရှိသည့် ဆက်ဆံရေးကောင်းမွန်မှုကို အမြဲထိန်းသိမ်းနိုင်ကြမည့် နိုင်ငံများ ဖြစ်ကြကြောင်း။
ယခုအခါ လာအိုနိုင်ငံသည် ယခင်ကထက် များစွာဖွံ့ဖြိုး တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး စီးပွားရေးတိုးတက်အောင်လည်း ဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေး အထူး ကောင်းမွန်လျက်ရှိပြီး သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့်လည်း မိမိ တို့ တာဝန်ထမ်းဆောင်နေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံ့အကြီးအကဲများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ယခုအခါ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းကာလ နှစ်ခုတွင်လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့် လွှတ်တော်ကျင်းပ၍ ယခုအခါ ရွေးချယ်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်များကို အရှိန်အဟုန်ဖြင့် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း၊ သို့သော် အချို့နိုင်ငံများအနေဖြင့် ၎င်းတို့ အကျိုးစီးပွားကို ထိခိုက် မည်ကို စိုးရိမ်သောကြောင့် မိမိတို့ နိုင်ငံတွင်ပြည်သူများက ရွေးချယ်ထားသည့်အစိုးရမှ နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုကို လက်မခံလိုကြကြောင်း၊ သို့သော် မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကြားမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အာဆီယံနိုင်ငံများအထဲတွင် လာအိုနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို လက်ခံသဖြင့် မိမိကို ၎င်းတို့ နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအဖွဲ့အတွင်း သဘောတူညီမှုများကို မိတ်ဝတ်မပျက် လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို အားလုံးက သိရှိကြ ရန်လိုကြောင်း၊ လာအိုနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မိမိတို့နိုင်ငံသား များကိုလည်း တတ်နိုင်သရွေ့စောင့်ရှောက်ပေးသွားကြရန်နှင့် စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ လာအိုနိုင်ငံတွင် လာရောက်တာဝန် ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် ပြည်ပနိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း ရရှိသည့်အားလပ်ချိန်များ၌ အင်္ဂလိပ်စာ၊ AI နည်းပညာနှင့် ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာများကို တစ်ဦးချင်းလေ့လာ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် စွမ်းဆောင်နိုင်သူများဖြစ် ရန် မျှော်လင့်ကြောင်း။
လာအိုနိုင်ငံတွင် လာရောက်၍ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် သင်တန်းသားအရာရှိများအနေဖြင့်လည်း မိမိတို့ ဘာသာစကားတွင် အသုံးပြုလျက်ရှိသည့် ဗျည်းနှင့် သရများ၏ အားသာချက်ကိုအသုံးချ၍ လာအိုဘာသာစကားကို နားလည်တတ်ကျွမ်းအောင် သင်ယူသွားကြစေလိုကြောင်း၊ မည်သည့် ဘာသာစကားကို တတ်ကျွမ်းသည်ဖြစ်စေ မိမိတို့ဘဝအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက သံရုံးရှိဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးအဆောက်အအုံ သစ်တည်ဆောက်နေမှု အခြေ အနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးသို့ ရောက်ရှိကြရာ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတသည် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


