နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက်

 

နေပြည်တော်   ဇွန်  ၂

 

ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E.Mr. Namseok Yoo ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော    ကိုယ်စားလှယ် အဖွဲ့သည် “Access to Justice: Constitutional Perspectives” ခေါင်းစဉ်ဖြင့်  ကျင်းပသည့် (၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ မေ၂၉ ရက်မှ ဇွန် ၁ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ တက်ရောက်သည်။

 

အခြေခံမူများပြဋ္ဌာန်း

အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်က    “Constitutional Rights Ensuring Access to Justice” ခေါင်းစဉ်ဖြင့် စာတမ်းကိုဖတ်ကြား တင်ပြရာ တွင် တရားမျှတမှုသည် ယဉ်ကျေးသော လူမှုအသိုက်အဝန်းအတွက်  မရှိမဖြစ်လိုအပ်သည့်အရာ ဖြစ်ကြောင်း၊  တရားမျှတမှုရရှိစေရေးအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတစ်ရပ်အဖြစ်   ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းရေးဆွဲထားကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်းတွင်လည်း  တရားမျှတမှုရရှိစေရေးနှင့် စပ်လျဉ်း၍ “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း (Justice, Liberty and Equality) တည်းဟူသော လောကပါလတရားများ  ထွန်းကားစေ လျက်  တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်  ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်ဟု ဖော်ပြထားကြောင်း”၊ ထို့ပြင် ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိရေးနှင့် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရပိုင်ခွင့်ပေးရမည် ဟု မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်   အတိအလင်းဖော်ပြ ထားကြောင်း၊ နိုင်ငံသားများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများနှင့်   စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)တွင် ထည့်သွင်းဖော်ပြထားကြောင်း၊ ထိုအခွင့်အရေးများ ကို ချိုးဖောက်ခြင်းခံရပါက နိုင်ငံသားတစ်ဦးချင်းအနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန် တော်လျှောက်ထားခြင်း နည်းလမ်းဖြင့် ကုစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ အခြေခံမူများ အခန်းတွင်လည်း နိုင်ငံတော်က လိုက်နာဆောင်ရွက်ရမည့် အခြေခံမူများကို ပြဋ္ဌာန်း ထားကြောင်း စသည်ဖြင့်ဖတ်ကြားတင်ပြသည်။

 

အတွေ့အကြုံများဆွေးနွေး

အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ အာရှဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional  Courts  and Equivalent Institutions: AACC) ၏ အဖွဲ့ဝင်နိုင်ငံများအနက်မှ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး AACC အဖွဲ့ဝင် နိုင်ငံများအကြား တရားမျှတမှုရရှိစေရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

အဆိုပါ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်မင်းနှင့်အတူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဆုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်