နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ပန်းခင်းစီမံချက်

နေပြည်တော် ဒီဇင်ဘာ ၂၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲဆန္ဒရှင်အရေအတွက်မှာ ၁၁ ဒသမ ၃ သန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ်ပြန်ထားပြီးဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် မပါဘဲ မဲပေးခဲ့သူ သုံးသန်းကျော်ရှိသည်ကို စိစစ်တွေ့ရှိခဲ့သည်။

ထို့ကြောင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြုသော ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေလိုအပ်ချက်ဖြစ်လာသည်။ နိုင်ငံသား စိစစ်ရေးကတ်သည် နိုင်ငံသားတစ်ယောက်အတွက် အရေးကြီးသော သက်သေခံ ကတ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက် အရေးကြီးသောဆန္ဒမဲပေးရေးတွင်သာမက ပြည်ပသို့ထွက်ခွာခြင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများ ပြန်လည်ဝင်ရောက် ခြင်းတို့နှင့် ပြည်တွင်း၌ အရေးပါသောကိစ္စရပ်များတွင် မဖြစ်မနေအသုံးပြုရမည့် အထောက်အထားလက်မှတ်ဖြစ်သည်။

နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အရေးကြီးသော အသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကို နိုင်ငံသားများ အဆင်ပြေစွာရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ၁၈ လနှင့်ပြီးစီးအောင် ရည်မှန်းဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ၊ အသက် (၁၈) နှစ်ပြည့်ပြီး၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန်လိုအပ်သူတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းနှင့်ချီရှိသောအရေအတွက် ကို ၁၈ လတာကာလဖြင့် ပြီးစီးအောင်ဆောင်ရွက်ရေးမှာ လွယ်ကူသောအလုပ် မဟုတ်ဘဲ အခက်အခဲများစွာရှိမည်ဖြစ်သည်။


သို့ပါ၍ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ် ရေးကတ်ပြား ကိုင်ဆောင်၍ မဲပေးနိုင်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ အရေးပါသော အရေးအရာကိစ္စများကို ဆောင်ရွက်နိုင်ရေးတို့အတွက် သတ်မှတ်ထားသောကာလ အတွင်း နိုင်ငံသားတိုင်း အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်စေရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်နွှယ်ပတ်သက်ရာ ဌာနအဖွဲ့ အစည်းများသာမက ပြည်သူများကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ဤလုပ်ငန်းသည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အမျိုးသားအကျိုး စီးပွားဖြစ်၍ အမျိုးသားရေးအဖြစ်လည်းရှုမြင်သင့်ပါသည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ မဖြစ်မနေဆောင်ရွက်ထားရမည့်ကိစ္စလည်းဖြစ်ပါသည်။ 

ယခုပြုလုပ်နေသော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအသိအမှတ်ပြု ကတ်ပြား တစ်မျိုးမျိုးပြုလုပ်ထားခြင်းဖြင့် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားများ မှန်မှန် ကန်ကန် စနစ်တကျမဲပေးနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။ ယခု စီမံချက်နှင့်တစ်ဆက်တည်းတွင် ၂၀၂၄ ခုနှစ်၌ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း၊ နယ်စပ်အဝင်/အထွက်ဂိတ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ e-ID စနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်၍ နိုင်ငံတော်၏ အရေးပါသောလုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြ ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၅၀ ကျော် မှီတင်းနေထိုင်လျက်ရှိရာ အမြဲတမ်းမှီတင်းနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများမှ မွေးဖွားလာသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူ မွေးရာပါနိုင်ငံသားတိုင်း၏လက်ဝယ်တွင် နိုင်ငံသား စိစစ်ရေးကတ်ရှိရမည်ဖြစ်သည်။

မွေးရာပါနိုင်ငံသားများအပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသား ပေးသင့်ပေးထိုက်သူများကိုလည်း သက်ဆိုင် ရာက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ အချို့ဒေသများတွင် အခက်အခဲရှိသော်လည်း အချို့ဒေသများတွင် စီမံချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ရှိခြင်းအကျိုးကျေးဇူး၊ ပန်းခင်းစီမံ ချက်၏ အဆင်ပြေစွာဆောင်ရွက်နိုင်သည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် လိုအပ်သည်။
 ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုစာရင်းလည်းမရှိ၊ ကိုင်ဆောင်လက်မှတ်လည်းမရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများဟူ၍ နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အရေးပါသော၊ မရှိမဖြစ်လိုအပ် သည့် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်၊ နေထိုင်မှု လက်မှတ်တို့ကို ပန်းခင်းစီမံချက်ဖြင့် သတ်မှတ်ထားသောကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသားရေးအသွင်ဖြင့် တက်ကြွစွာဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ