နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၁၅ ဖေဖော်ဝါရီ 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် တာဝန်ရှိသူများအနေဖြင့် ညင်ညင်သာသာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို မပြောင်းလဲကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများပြောင်းလဲခြင်း မရှိကြောင်း၊ ပကတိအခြေအနေများသည် ရွေးကောက်ပွဲ မဲစာရင်းများမှားယွင်းမှုကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင် အရပ်ဘက်မှ အများကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို အလေးထားကြောင်း။ 

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးသွားပါက စည်းကမ်း ပြည့်၀ပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။ 

အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို ရပ်ဆိုင်းထား၍မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှု စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေး အတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့်လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများ အနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးအကုန်အကျများစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်အရေးယူမှု များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့်စပ်လျဉ်းပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်း ခွင့်ပြုထားကြောင်း။ 

စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်နိုင်ရန် အဓိကအရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။ 

ယခုကာလတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ်ခုခံ ပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆူပူမှုများအား ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်မှုအပေါ် ယခင်က ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများမှအပ အခြားနိုင်ငံများက မိမိတို့၏ဆောင်ရွက်မှုသည် ပြည်တွင်းရေး ကိစ္စဖြစ်သဖြင့် ဒီမိုကရေစီ နည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမသမာမှုများအား စိစစ်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထုသိရှိနိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရိုးသားစွာ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။ 

သတင်းစဉ်