နေပြည်တော် နိုဝင်ဘာ ၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Mr. Yuan Jiajun နှင့် ယနေ့ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ် ပါတီကော်မတီအတွင်းရေးမှူးက လှိုက်လှဲ နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

 

 အမြင်ချင်းဖလှယ်ဆွေးနွေး

ထို့နောက် တွေ့ဆုံဆွေးနွေးရာ၌ ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချက်အချာကျ သည့်နေရာတွင်တည်ရှိပြီး ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတက်လာမှုအခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ချုံချင့်မြို့သို့ ခရီးစဉ်လာရောက် မှုသည် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ လမ်းစတစ်ခုဖြစ်သည့် အခြေအနေများနှင့် ချုံချင့်မြို့နယ်အနေဖြင့် ၎င်းတို့၏ နည်းပညာအားသာချက်များ၊ လမ်းပန်း ဆက်သွယ်မှု အချက်အချာကျသည့် အားသာချက်များအပေါ်တွင် မူတည်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင် မည့်အလားအလာများ၊ မြန်မာနိုင်ငံနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာကြသည့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက် ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီ အတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီ စီပယ်ပါတီကော်မတီ အတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 

 ညစာတည်ခင်းဧည့်ခံ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီ စီပယ် ပါတီကော်မတီအတွင်းရေးမှူးက တည်ခင်းဧည့်ခံသည့် ညစာကို အတူတကွ သုံးဆောင်ခဲ့ကြ သည်။

 

ဆက်လက်လေ့လာသွားမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တက္ကသိုလ်များသို့ ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်