နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားစဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့်တရားတော်

ဧပြီလ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားစဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့်တရားတော်

အဆောင်ဘာလုပ်တုံးလို့မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့ အကြောင်း၊ တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော်ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာကတစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတ သဟဿာနိ ငါးသိန်းသော ဘုရားရှင်တို့ ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရား ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးကပြောတယ်။ သူကငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သားအရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းကစခဲ့တာတုံး ဆိုတော့.. လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။

ဟာ.. ဦးဇင်းလေးတစ်ပါး ညနေကြီးဆွမ်းခံနေတယ်။ သွားကိုယ်တော်ကို ပင့်စမ်းဆိုတော့ ပင့်တယ်၊ ရောက်လာတယ်။

ရောက်လာတော့ ဦးဇင်းကလေး.. သူများတွေ မနက်ဆွမ်းခံတယ်။ ကိုယ်တော်ညနေကြီး ဆွမ်းခံတယ်၊ ည ထမင်းစားသလား။ ဆွမ်းစား သလား။

မစားပါဘူး သမီးတော်လေးရယ် ကြည့်ပါဆိုပြီး သပိတ်လှန်ပြတယ်။

ဘာတွေတုံးဆိုတော့.. ဆီတွေဘာလုပ်ဖို့တုံး၊ ကိုယ်တော်တို့၊ သူများချက်ပြီးပြုတ်ပြီး စားနေတာ။

မဟုတ်ဘူး သမီးတော်လေးရဲ့၊ ည..ည တရားပွဲတွေဘုရားဟော၊ ဘုရားဟောတဲ့အခါကျတော့ လူတွေက အမှောင်ကြီးထဲ တစ်ယောက်နဲ့ တစ်ယောက်တိုးတိုက်၊ အဲဒါတွေကြောင့် ဆီမီးပူဇော်မိတာပါ။

ရှေးတုန်းက လျှပ်စစ်မီးမရှိလို့ နေမှာပေါ့။

အဲဒါနဲ့ ဒီလိုဆို ပေး..ပေး..ပေး.. သပိတ်ပေးဆိုပြီး သပိတ်ထဲနှမ်းဆီလေးတွေ အပြည့်လောင်းထည့်တယ်။ လောင်းထည့်ပြီး အဲဒါ ကပ်လိုက်တယ်။

ကဲ.. ကိုယ်တော် လျှောက်သွားမနေနဲ့တော့၊ ဒါနဲ့ဆိုရင်လောင်းလှူလောက်ပါတယ်ဆိုပြီး။

ကောင်းပါပြီ.. သမီးတော်လေး၊ သမီးတော်လေးဘာဆုများ ပန်တုံးဆိုတော့၊ တပည့်တော်မ ဘုရားဆုပန်တာတဲ့။

ဪ.. သာဓု သာဓု သာဓုဆိုပြီး ဦးဇင်းလေး သွားတယ်။

ညကျတော့ တစ်ကျောင်းလုံး လင်းထိန်လို့၊ ဆီမီးခွက်ကလေးတွေနဲ့ မီးထွန်းထားတာ။

ဟာ.. မီးပူဇော်တဲ့ ဦးဇင်းလေး ခေါ်လိုက်စမ်းဆိုပြီး ဘုရားက။

ရောက်လာတော့ .. ဦးဇင်းလေး မင်းဘယ်က ဆီတွေရတုံး။

သမီးတော်လေးက လှူလိုက်တာပါ ဘုရား။ အရှင်ဘုရားနှမတော် လေးပါ၊ အဲဒီသမီးတော်လေးနဲ့ ဘုရားနဲ့က မောင်နှမတော်သတဲ့၊ အဲဒါကြောင့် အရှင်ဘုရားနှမတော်လေးက လှူလိုက်တာပါ။ သမီးတော်လေးက ဘာဆုပန်သတဲ့တုံး၊ ပြောတယ်ဘုရား၊ တပည့်တော်မေးတော့ ဘုရားဆုပန်တယ်လို့ ပြောပါတယ်။

ဘုရားဆုပန်လို့ မပြည့်ဘူး။

နောက်ဘဝ ယောကျ်ားလေး ဖြစ်ပါရစေလို့ ဆုတောင်းလိုက်။

အဲဒီလိုဆိုရင် ယောကျ်ားလေးဖြစ်လိမ့်မယ်။ ယောကျ်ားလေးဖြစ်မှ ဆက်ပါရမီတွေ ဖြည့်၊ အဲဒါဆိုရင် ဘုရားဖြစ်မှာပေါ့။

တင်ပါ့ဘုရား။

တပည့်တော် မနက်ဖြန်ဆွမ်းခံကြွတော့ ပြောလိုက်ပါမယ်။

မနက်ဖြန် ဆွမ်းခံသွား၊ ညနေ ၄ နာရီလောက်ကျတော့ ကိုယ်တော်လည်း အဲဒီနေရာအရောက်၊ သမီးတော်လေးကလည်း ဘုံခုနစ်ဆင့်ပြာသာဒ်အထက်က လှည့်ပတ်လျှောက်တော့၊ ဟာ… မနေ့က ကိုယ်တော် လေးနဲ့တူတယ်။ ဆွမ်းခံနေတယ်သွားသွားပင့်စမ်း။ ရောက်လာတယ်။

ဦးဇင်းလေး မနေ့ကလည်းဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ၊ ကိုယ်တော်နေ့တိုင်း ဆွမ်းခံသလား။

သမီးတော်လေးနဲ့ … ကျုပ်က ဘုရားဆုပန်တာ ၊ ဘုရားဆုပန်တဲ့ သူကတစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဘုရားဆုပန်လို့ ဘယ်ပြည့် မှာလဲ။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ ဘာဝနာတွေ ပွားရတယ်၊ ပုတီးစိပ်ရတယ်။

ဪ.. အဲလိုလား ဘုရား။

 ဒါနဲ့ သမီးတော်လေးကို ဘုရားကမှာလိုက်သေးတယ်၊ သမီးတော်လေးဘာဆုပန်တုံး၊ ဘုရားဆုပန်တယ်လို့ ကျုပ်ကပြောတယ်၊ ဘုရားဆုပန်တယ်ဆိုတာ မိန်းကလေးဘဝနဲ့ မပြည့်ဘူး။ နောက်ဘဝယောကျ်ား လေးဖြစ်ပါရစေလို့ ဆုပန်လိုက်၊ အဲတော့ ယောကျ်ားလေးဖြစ်ပြီဆိုမှ ပါရမီတွေဆက်ဖြည့်လို့ မှာလိုက်တယ်။ 

ကောင်းပါပြီ ဘုရားဆိုပြီးတော့၊ သူကလည်း ဆီဆွမ်းတစ်သပိတ်အပြည့် ဆီဆွမ်းလောင်းပါ့မယ် ဘုရား၊ နေ့တိုင်းတပည့်တော်ပြာသာဒ်ကြွပါလို့၊ အဲဒီလို နေ့တိုင်းဆွမ်းလောင်းတယ်၊ ဆီဆွမ်းလောင်းတဲ့အတွက် ဆီဆွမ်းကို သိဒ္ဓတ္ထ နေလလို့ပါဠိလို ခေါ်တယ်၊ သိဒ္ဓတ္ထ နေလ... သိဒ္ဓတ္ထကနှမ်းပေါ့။ နေလက ဆီ၊ နှမ်းဆီ၊ နှမ်းဆီလေး လောင်းလို့၊ လူ့ခေတ် နောက်ဆုံးသင်္ချေ နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းလွန်တဲ့အခါ အဲဒီ နှမ်းဆီ လောင်းတဲ့ ကုသိုလ်ဟာ အကျိုးပေးပြီးတော့ နာမည်ကို သိဒ္ဓတ္ထမင်းသား၊ အဲဒါ ဆီဆွမ်းလောင်းပြီးတော့ ဆုတောင်းခဲ့လို့နော်။ အေး.. အဲဒီလိုပဲ ကုသိုလ်ကောင်းမှုကို ဘုရားသာသနာတော်နဲ့ ကြုံတဲ့အခါ ကုသလ ပြုကြပေါ့။ ။

(ဤတရားတော်သည် ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်ဖြစ်သည်)