နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်   မတ်   ၁၇

 

၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  ဦးမောင်ကို၊             ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ များမှ   တာဝန်ရှိသူများ၊       မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ  တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ၊  ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူ များသည် မြန်မာ့ပုလဲများ  ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၃  ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု     ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို     လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ပုဂ္ဂလိကကျောက်မျက် ရတနာအချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့်  လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊  မက်လင်ချောင် အကျိုးတူ  (၂)မှထွက်ရှိသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီးနှင့် ကျောက်စိမ်းရိုင်းအတွဲများကို      လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်း မှုများရရှိနိုင်စေ ရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို   ၁၉၆၄   ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်။ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက် မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို    ပြည်တွင်းပြည်ပ  ရတနာကုန်သည်များအား        အိတ်ဖွင့် တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ရာ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပ   ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း  ရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည် ဖြစ်သည်။ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး  ပြည်ပရတနာကုန်သည်များက    အမေရိကန်ဒေါ်လာ၊   ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း    ပေးချေသွားရ မည်ဖြစ်သည်။ နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေ  (သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာ ကုန်သည် များအနေဖြင့်   ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်  လည်းကောင်း၊ ပြည်ပရတနာကုန်သည်များ အနေဖြင့် ယူရို(သို့မဟုတ်)ယူရို ငွေနှင့်ညီမျှသော     အမေရိကန်ဒေါ်လာ   (သို့မဟုတ်) ယွမ်ငွေ (သို့မဟုတ်)   ထိုင်းဘတ်ငွေ တို့ဖြင့်လည်းကောင်း  ပေးချေရမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပြီး    ယခု ကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို မတ် ၁၇ ရက် မှ ၂၃ ရက်အထိ    ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်