နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊  ၁၂  ဖေဖော်ဝါရီ 

၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံမှသည် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံးထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့်  အရည်အချင်း မြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များပြုစုပျိုးထောင်ရေးဟူသည့် အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။

ရှေးဦးစွာ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင်ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည်။

ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့ တက်ရောက်အလေးပြု ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။

နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြည်ထောင်စုနေ့အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီးစိုးဝင်း က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)