နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှု သင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ

 

မန္တလေး၊ မေ ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးမောင်ကိုသည် ကျောင်းတက်သူဦးရေ တိုးတက်ရေး၊ အတန်းကူးပြောင်းမှု နှုန်းမြင့်မားရေးတို့နှင့်စပ်လျဉ်း၍ ယမန်နေ့က မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့ အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် နံနက်ပိုင်း တွင် မဟာအောင်မြေခရိုင်နှင့် အောင်မြေသာစံခရိုင်တို့အတွင်းရှိ မူလတန်းကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးဆောင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားရာ၌  မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သည့်မိန့်ခွန်းပါ အချက် အလက်များကို ထပ်ဆင့်အသိပေး ရှင်းလင်းတင်ပြ ခဲ့ပြီးကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေပိုမို တိုးတက်ရေးနှင့် ကျောင်းသားကျောင်းသူ များစဉ်ဆက် မပြတ်တန်းစဉ်ကူးပြောင်းနိုင်မှုလျော့နည်းမသွားရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၌ လိုအပ်နေသည့် ပညာတတ်လူသားအရင်းအမြစ်များ မွေး ထုတ်ပေးနိုင်ရန်အခြေခံကျောင်းများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါ ကြောင်း၊ နိုင်ငံတော်မှ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး မူဝါဒများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့်အညီ ကျောင်းအပ်နှံသူနှင့် ကျောင်းတက်သူ ဦးရေပိုမိုတိုးတက်ရေး၊ကျောင်းနေ မြဲစေရေးနှင့် အတန်းကူးပြောင်းမှု မြင့်မားရေး၊ ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူတိုင်း အလယ်တန်းပညာပြီးမြောက်သည်အထိ အခမဲ့ပညာရေးအနေဖြင့် မသင်မနေရအဖြစ် တွန်းအားပေးဆောင်ရွက်နေပါကြောင်း၊ တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များအား အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင်အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူထားပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းပြုစုပျိုးထောင်ပေးသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်မှ အမျိုးသားပညာ ရည်မြှင့်တင်ရေးကဏ္ဍများတွင် အလေးအနက်ထားဆောင်ရွက်နေမှု၊ ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ခွဲဝေချထားပေးနေမှု၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး တက်ရောက်လာသူများက ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်း ကူးပြောင်းမှုနှုန်းမြင့်မားရေး တို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့နေရသည့်အခြေအနေများကို တင်ပြဆွေးနွေးရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုူင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ ဆရာမများ အတွက် ချီးမြှင့်ငွေကျပ်( ၂,၃၂၅,၀၀၀)ကို ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မဟာအောင် မြေခရိုင်၊ အောင်မြေသာစံခရိုင် တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှု လက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို မိသားစုက ကျောက်ဆည်တက္ကသိုလ်ရှိ အနုပညာအသင်းအတွက် YAHAMA အမျိုးအစား ကီးဘုတ်တစ်လုံး လှူဒါန်းပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေး၏ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေသုံးစွဲ ပေးမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှုများကိုလည်းကောင်း၊ တက်ရောက်လာသူများ၏ အဆင့်မြင့်ပညာ ကဏ္ဍတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ကြားနေမှု၊ ကျွမ်းကျင်တတ်မြောက်မှု အပိုင်းနှင့် ပတ်သက်၍ အကဲဖြတ်စစ်ဆေးမှု၊ သုတေသနလုပ်ငန်းဆောင်ရွက်နေမှု၊ အတန်းတက် ရောက်မှုကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)