နေပြည်တော်  ၉ အောက်တိုဘာ

 

နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ Coronavirus Disease 2019 (COVID  – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

 

4382

 

အစည်းအဝေးတွင် ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့ခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် တိုက်ရိုက်ဆက်စပ်မှုရှိသဖြင့် ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန် ချောမွေ့မှန်ကန်ရေးသည် အရေးကြီးမှု၊  ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ စစ်ဆေးရာတွင် အခက်အခဲများကြုံတွေ့နေရမှု၊  သို့ဖြစ်၍ ၎င်းတို့အား ကိုဗစ်-၁၉ Rapid  Test Kit များဖြင့် စစ်ဆေးနိုင်ရေး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊  Rapid Test Kit များဖြင့် စစ်ဆေးခကို သက်သာသော နှုန်းထားဖြင့် ကောက်ခံသွားနိုင်ရေးနှင့်   တိုင်းဒေသကြီးနှင့်ပြည်နယ်များ အချင်းချင်းအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြရာ   ဗဟိုကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

4375

 

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဉီးဇော်သန်းသင်းနှင့် ဒေါက်တာ သက်ခိုင်ဝင်းတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်