နိုင်ငံရေးသမားဘဝကို  ထုဆစ်ပုံဖော်ဖို့   လက်ဝှေ့သမားဘဝကနေ  အနားယူလိုက်ပြီဖြစ်တဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော်  ပက်ကွီယို

ဖိလစ်ပိုင်နိုင်ငံရဲ့ ဝါရင့်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ပက်ကွီယိုဟာ နိုင်ငံရေးသမားဘဝကို ထုဆစ်ပုံဖော် ဖို့အတွက်  ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်

ဖိလစ်ပိုင်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သလို လက်ဝှေ့လောကမှာလည်း ဝိတ်တန်း ရှစ်ခုမှာ ချန်ပီယံဖြစ်ထားတဲ့ ပက်ကွီယိုဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ကြေညာထားသူ ဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယိုဟာ ပြီးခဲ့တဲ့ လအတွင်းက လက်ဝှေ့သမား ဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ကျူးဘားလက်ဝှေ့သမား ယော်ဒန်းနှစ်ယူဂတ်စ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ကျူးဘားလက်ဝှေ့ကျော်  ယော်ဒန်းနစ်ယူဂတ်စ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပက်ကွီယိုဟာ လက်ဝှေ့သမားဘဝကနေ အနားယူခဲ့ခြင်းဟာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လက်ဝှေ့ကစားခြင်းကြောင့် သူ့ရဲ့ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်မယ့် အခွင့်အလမ်းကို ရရှိခဲ့တာဖြစ်ကြောင်းနဲ့ သူ့ရဲ့ဘဝကိုလည်း အပြောင်းအလဲဖြစ်လာစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယိုဟာ အသက် ၁၉ နှစ်အရွယ်ဖြစ်တဲ့ ၁၉၉၈ ခုနှစ်က လက်ဝှေ့သမားဘဝ ပထမဆုံးခါးပတ်ကို ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဒဗလျူဘီစီဖလိုင်းဝိတ် ချန်ပီယံ ခါးပတ်ပြိုင်ပွဲမှာ ထိုင်းလက်ဝှေ့သမား ချက်ချိုင်းဆာဆာကူလ်ကို အနိုင်ရရှိခဲ့ပြီး ခါးပတ်ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်တမ်းဝင်ခဲ့သူဖြစ် ပက်ကွီယိုဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ကိတ်သာမန်ကို အနိုင်ရရှိခဲ့ပြီး ဒဗလျူဘီအေ(စူပါ)ဝယ်တာဝိတ် ချန်ပီယံဖြစ်ခဲ့ချိန်က အသက် ၄၀ အရွယ်ရှိပြီဖြစ် တာမို့ အသက်အကြီးဆုံး ဝယ်တာဝိတ်ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။  ပက်ကွီယိုဟာ လက်ဝှေ့သမား ဘဝတစ်လျှောက်မှာ ပြိုင်ပွဲစုစုပေါင်း ၇၂ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၆၂ ပွဲနိုင်၊ ရှစ်ပွဲရှုံး၊ နှစ်ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ပက်ကွီယိုဟာ ၂၀၁၀ ပြည့်နှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ တစ်နေရာရရှိခဲ့ကာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ အထက်လွှတ်တော်အမတ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်