နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်း လိုအပ်သဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် သည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

အမြဲတမ်းအတွင်းဝန်သည် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာရှိ ကျော်သန်းဆီစက်၊ ခရမ်းစပ်ကုန်းကျေးရွာရှိ စိန်စီဆီစက်နှင့် ဆရာစံရပ်ကွက်ရှိ ရန်နိုင်ဆီစက်တို့သို့ သွားရောက်ပြီး ချေးငွေထုတ်ယူပြီးစီးမှုအခြေအနေ၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာသုံးစွဲမှု ရှိ/ မရှိတို့ကို ကြီးကြပ်စစ်ဆေးကာ လုပ်ငန်းအခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်