နိုင်ဂျီးရီးယားနိုင်ငံ၌ လှေတိမ်းမှောက်မှုဖြစ်ပွားသဖြင့် လူ ၁၄၀ ကျော် ပျောက်ဆုံးနေ

မေ ၂၇

 

နိုင်ဂျီးရီးယားနိုင်ငံရှိ မြစ်အတွင်း လူ ၁၆၀ ကျော်တင်ဆောင်လာသော လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးထက်မနည်း သေဆုံးခဲ့သည်။ လူ ၁၄၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။ ခရီးသည် ၂၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

 

အဆိုပါလှေသည် အနောက်အာဖရိကရှိ နိုင်ဂျာမြစ်အတွင်း နှစ်ပိုင်းပဲ့ထွက်သွားခဲ့ပြီး နစ်မြုပ်သွားခဲ့သည်ဟု အေအက်ဖ်ပီနှင့် အခြားသတင်းဌာနများက ဖော်ပြထားသည်။

 

ထိုလှေသည် အမျိုးသမီးများနှင့်ကလေးများကိုတင်ဆောင်ကာ အိမ်နီးချင်း နိုင်ဂျာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းသို့ သွားနေခြင်း ဖြစ်သည်ဟု ဘီဘီစီသတင်းအရ သိရသည်။

 

၎င်းလှေသည် ခရီးသည်များကိုဆံ့သောပမာဏထက် နှစ်ဆကျော်တင်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသအာဏာပိုင်များ၏ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းဌာနက ကိုးကားဖော်ပြထားသည်။

 

ယခုလအစောပိုင်းက နိုင်ဂျီးရီးယားနိုင်ငံတွင် အခြားသော လှေတိမ်းမှောက်မှုဖြစ်ပွားသဖြင့် လူ ၃၀ သေဆုံးခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို