နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားခင်ကတည်းက ဗိုင်းရပ်စ်တည်ရှိနေခြင်းမှာ ဖြစ်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေသဆိုင်ရာအရာရှိပြော

ဂျီနီဗာ ၁၄ ဇူလိုင်


နိုဗယ် ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါကူးစက်မှု မပြန့်ပွားခင်ကတည်းက ငုပ်လျှိုးသည့်အနေအထားနှင့် ရှိနေသည်မှာ ဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ကိုယ်စားလှယ် မလီတာ ဗီဂျနိုဗစ်က ပြောကြားသည်။


ဗိုင်းရပ်စ်စတင်ပေါက်ဖွားမှုကို အဖြေရှာရန် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အဖွဲ့တစ်ဖွဲ့ တည်ထောင်ထားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မလီတာ ဗီဂျနိုဗစ်က ပြောကြားခဲ့သည်။ ယင်းဗိုင်းရပ်စ်မှာ တိရစ္ဆာန်များတွင် ရှိနှင့်ပြီးဖြစ်ပြီး လူတွေဆီသို့ ကူးစက်သွားကြောင်း မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် လူကိုပြောင်းလဲ ကူးစက်သွားသလဲ ဆိုသည့်အချက်ကိုမူ ဖြေကြားရန် ခက်ခဲသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။


နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားသည့်အချိန်ထက် ယင်းဗိုင်းရပ်စ်မှာ ကမ္ဘာ့နေရာအနှံ့တွင် တည်ရှိနေပြီး အချိန်မရွေး၊ အချိန်အခါမရွေး ပေါ်ပေါက်လာနိုင်ကြောင်း အောက်စဖို့ဒ် ဆေးပညာဆိုင်ရာ အချက်အလက်စင်တာမှ တွဲဖက်နည်းပြတစ်ဦးဖြစ်သူ တွမ်ဂျက်ဖာဆင်က ယခုလအစောပိုင်းတွင် ပြောသည်။


စပိန်ရောဂါဗေဒ ပညာရှင်များကလည်း ဘာစီလိုနာရှိ စွန့်ပစ်ရေနမူနာထဲတွင် ၂၀၁၉ ခုနှစ် မတ်လကတည်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သဲလွန်စကို ခြေရာခံတွေ့ရှိခဲ့ကြရာ တရုတ်နိုင်ငံတွင် ကိုဗစ် - ၁၉ စတင်ဖြစ်ပွားချိန်ထက် ခြောက်လစောပြီး တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ တူရင်နှင့် မီလန်တို့ရှိ မိလ္လာ အညစ်အကြေးများတွင်လည်း ဒီဇင်ဘာ ၁၈ ရက်ကတည်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သဲလွန်စများ တွေ့ရှိခဲ့သည်ဟု အီတလီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအင်စတီကျုမှ သိရသည်။


အီတလီတွင် ပထမဆုံး ကိုဗစ် - ၁၉ လူနာမတွေ့ခင် ကတည်းက ယင်းသို့ သဲလွန်စခြေရာခံမိခြင်း ဖြစ်သည်။ အဆိုပါနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာမှုများပြုလုပ်နေပြီး ထူးခြားသည့် အကြောင်းအရာများတွေ့ရှိလာပါက ချက်ချင်းကြေညာမည်ဟု သိရသည်။


ဆင်ဟွာ