နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီ မြန်မာနိုင်ငံသို့ လာရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

နီပေါနိုင်ငံ၊ သမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီ မြန်မာနိုင်ငံသို့ လာရောက်သည့်

တရားဝင်ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-နီပေါနှစ်နိုင်ငံ ပူးတွဲကြေညာချက်

(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ)

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ နီပေါနိုင်ငံသမ္မတနှင့်အတူ နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိကူမာဂျန်ဝါလီနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း လိုက်ပါခဲ့သည်။

၂။ နီပေါနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း (၃၉)နှစ်ကျော်ကာလအတွင်း နီပေါနိုင်ငံ၏ နိုင်ငံအကြီးအကဲ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ရာ နှစ်နိုင်ငံအကြီးအကဲများအကြား အစဉ်အလာအရ တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်စေရန် အားသစ်လောင်းပေးခဲ့သည်။ နီပေါနိုင်ငံ သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်စွာဆက်ဆံမှု၏ ဝိသေသကို ထင်ဟပ်ဖော်ပြနိုင်ခဲ့သည်။

၃။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဧည့်သည်တော် နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘန်ဒါရီအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နီပေါနိုင်ငံ၊ သမ္မတ မစ္စစ်ဘန်ဒါရီတို့သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ၊ ဦးဝင်းမြင့်က ဧည့်သည်တော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၄။ ယင်းနေ့တွင် နီပေါနိုင်ငံသမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများနှင့် စပ်လျဉ်း၍ အကျိုးတူ ကိစ္စရပ်များအပေါ် ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါနိုင်ငံသမ္မတတို့သည် အောက်ဖော်ပြပါ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ကြသည်-

(က) မြန်မာ-နီပေါ ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့်

(ခ) မြန်မာ-နီပေါယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ။

၅။ တွေ့ဆုံဆွေးနွေးပွဲများတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ပိုမိုနီးစပ်မှုကို ဖြစ်စေသည့် ဘုံတူညီသည့် အချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို ချီးမွမ်းပြောကြားခဲ့ကြသည်။ ထို့ပြင် ခရီးသွား လာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေး၊ စက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံအကြား တည်ရှိလျက်ရှိသော ရင်းနှီးမြှုပ်နှံနိုင်မှုအလားအလာကောင်းများကို အသိအမှတ်ပြု၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက်အတူတကွ လက်တွဲဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

၆။ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဧည့်သည်တော် နီပေါနိုင်ငံသမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။

၇။ မြန်မာနိုင်ငံအနေဖြင့် နီပေါအစိုးရ၏ နီပေါနိုင်ငံခရီးသွားနှစ် (၂၀၂၀)နှင့် အမျိုးသားရေးရည်မှန်းချက် ဖြစ်သည့် သာယာဝပြောသော နီပေါနိုင်ငံ၊ ပျော်ရွှင်မှုများခံစားရသော နီပေါပြည်သူများအောင်မြင်စေရေးအတွက် ပံ့ပိုးကူညီသွားရန် အသင့်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

၈။ ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်သည့်နှစ်(၆၀) ပြည့်မြောက်မည် ဖြစ်ကြောင်းကို ဝမ်းမြောက်စွာမှတ်သားလျက် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု နှစ်(၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများကို နှစ်နိုင်ငံစလုံး၌ စီစဉ်ကျင်းပသွားရန် သဘောတူခဲ့ကြသည်။

၉။ မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွားများသည် အေးချမ်းပျော်ရွှင်၍ သဟဇာတရှိစွာဖြင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း ကောင်းမွန်စွာ ပေါင်းစည်းနေထိုင်လျက်ရှိခြင်းကြောင့် ၎င်းတို့၏ အခန်းကဏ္ဍသည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေလျက်ရှိကြောင်းကို နှစ်နိုင်ငံခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

၁၀။ နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တူညီသောအမြင်များရှိကြရာ နှစ်နိုင်ငံ ကိစ္စရပ်များ တွင်သာမက ကုလသမဂ္ဂနှင့် ဘင်းမ်စတက်အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် သန္နိဋ္ဌာန်ချထားမှုများကို ထပ်လောင်းအတည်ပြုခဲ့သည်။

၁၁။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နီပေါနိုင်ငံသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာများသို့လည်း သွားရောက်လည်ပတ်လေ့လာခဲ့ကြပြီး နီပေါနွယ်ဖွားများနှင့်လည်း တွေ့ဆုံခဲ့သည်။

၁၂။ နီပေါနိုင်ငံ သမ္မတနှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့တို့အား မြန်မာနိုင်ငံခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့မှုများနှင့် ပျူငှာသည့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ကို နီပေါသမ္မတက လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

နေပြည်တော်

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်