ငါ့သရောက်မြို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းလျော့ကျခြင်းကြောင့် ဆီးပင်ပိုင်ရှင်များ ဈေးကောင်းရရန် မျှော်လင့်

ငါ့သရောက်  ၂၂ ဒီဇင်ဘာ  

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းလျော့ကျ ခြင်းကြောင့် ဆီးသီးဈေးနှုန်းကောင်းရရန်မျှော်လင့်နေကြကြောင်း ဆီးပင်ပိုင်ရှင်များထံမှ သိရသည်။

ငါ့သရောက်မြို့တွင် မနှစ်က ဆီးသီးအသီးများကာ ဆီးပင်ပိုင်ရှင်များ ဆီးသီးတစ်တင်း ၃၅၀ဝကျပ် ရောင်းချခဲ့ရကြောင်းနှင့် ဆီးပင်တစ်ပင် ငါးတင်းလောက်ထိ ကောက်ရောင်းခဲ့ရကာ ဒီနှစ် ဆီးသီးသိပ်မသီးကြောင်း အချို့ဆီးပင်များ နည်းနည်းပါးပါးသီးသော်လည်း အသီးလုံးညှပ်(သေး)ပြီး ရောင်းပန်းမလှနိုင်ကြောင်း ကုလားတဲကျေးရွာမှ ဆီးခြံပိုင်ရှင် ဦးမင်းအောင်ကပြောကြားသည်။

ငါ့သရောက်မြို့တွင် ဆီးပင်ခြံစိုက်ပျိုးသူရှားပါးပြီး ယာခင်းခြံစည်းစပ်နှင့် ထန်းပင်တန်းကြားများတွင် အလေ့ကျပေါက်သည့် ဆီးပင်များအား ပေါင်းမြက်ရှင်းလင်းကာပြုစုပြီး အသီးသီးချိန် ကောက်ယူရောင်းချကြကြောင်း ငါ့သရောက်နယ်ရှိ ဆီးသီးမျိုးများသည် ဒေသမျိုးရင်းများဖြစ်ကာ ဆီးပင်အများစုမှာ ဆီးချဉ်ပင်များဖြစ်ကြကြောင်း၊ ငါ့သရောက်မြို့ပေါ်ရှိ ဆီးငန်သီးလုပ်ငန်းရှင်များထံသာ သွားရောက်ရောင်းချရကြောင်း သိရသည်။ ဆီးပင်များ တစ်နှစ်ဆီးသီးပြီးချိန် တပေါင်း၊ တန်ခူးလများတွင် လာမည့်နှစ် အသီးကြီးရန်နှင့် ဆီးပင်၊ ဆီးညောင်းသန်ရန် အပင်အားခုတ်ပစ်ရပြီး ဆီးကိုင်းဆူးများအား ယာခင်းခြံစည်းရိုး၊ အိမ်ခြံစည်းရိုးများ(တပ်စည်းအရပ်အခေါ်) လုံခြုံစေရန် ကာရံကြကြောင်း သိရကာ ယခုနှစ်ဆီးပင်များ အသီးသီးနှုန်းနည်းခြင်းကြောင့် မနှစ်က တစ်တင်း ၃၅၀ဝကျပ်အထက် မျှော်လင့်နေကြခြင်းဖြစ်ကြောင်း သီးပင်ပိုင်ရှင်များထံမှ သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း