ငါ့သရောက်မြို့နယ်တွင် ထန်းတက်ရာသီစတင်ချိန် ထန်းဆွဲမြူအိုးအမြာက်အများလုပ်ကိုင်ရောင်းချနေရ

ငါ့သရောက် ၂၂  ဖေဖော်ဝါရီ  

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ မစတင်မီအချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုးအမြောက်အများရောင်းချရခြင်းဖြင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးနေလင်းက ပြောကြားသည်။

အဆိုပါ တောင်ကုန်းကျေးရွာရှိ အိမ်ထောင်စုတိုင်း အိုးလုပ်ငန်းလုပ်ကိုင်လာကြပြီး မည်သည့်အချိန်ကစတင်ပြီး အိုးလုပ်ငန်းလုပ်ကိုင်လာသည်ကို ရွာထဲရှိ အသက်အကြီးဆုံး အဘိုးအ ဘွားများပင် မသိရှိကြပဲ ရွာ၏အပြင်ဘက်ရှိ အိုးဖုတ်ကုန်း(အိုးဖို)သုံးကုန်းက အိုးလုပ်ငန်းခေတ်အဆက်ဆက် လုပ်ကိုင်လာခဲ့ကြသည်တို့အား မြင်ရုံနှင့်ပင်သိရှိနိုင်ကြောင်း ဘိုးစဉ်ဘောင်ဆက်အိုးလုပ်ငန်း လုပ်ကိုင်လာသည့် ဦးနေလင်းက ပြောကြားသည်။ အိုးအမျိုးမျိုးပြုလုပ်ကြသော်လည်း ထန်းဆွဲမြူအိုး အိမ်တိုင်းပြုလုပ်ကြကြောင်း အိုးလုပ်ရာတွင် မြေကြမ်းအမျိုးအစားမြေနှင့်ကန်မြေအမျိုးအစား အချွဲ(ရွံ့စေးမြေ)တို့ကို အဓိကထားအိုးလုပ်ကြကြောင်း၊ အိုးလုပ်ရန်အတွက် မြေသားမှုန်နေအောင် ကြိတ်နယ်ရပြီး အမှိုက်၊ သစ်မြစ်သေ၊ သစ်ရွက်များကင်းစင်အောင် ဖယ်ရှားကာ မြေသားသန့်ရှင်းပြီဆိုတာနှင့် မြေသားနှစ်မျိုးအားရေဖြင့်နှပ်ထားပြီး ရွံ့တုံးများအားအဝတ်အစိုဖြင့်အုပ်ထားကြောင်း၊ အိုးပြင်လှဲ့ လှည့်သူနှင့် အိုးထွင်းသူနှစ်ဦးဖြင့် အိုးလုပ်ငန်းလုပ်ကိုင်၍ရကြောင်း အိုးထွင်းသူသာ အဓိကကျပြီး အိုးပြင်လှဲ့အားတစ်ရွာလုံးရှိ လူတိုင်းလှည့်တတ်ကြောင်း သိရသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးများအား ထန်းတောင်သူများ ကြိုက်နှစ်သက်ရခြင်းမှာ ပါးလွှာပြီး ပေါ့ပါးခြင်းကြောင့် ထန်းတက်ရာသီထန်းတောင်သူတိုင်း လာရောက် ဝယ်ယူကြကြောင်း၊ ထန်းသမားတစ်ယောက်ထန်းတက်လျှင် ထန်းဆွဲမြူအိုး (၇)နှစ်လုံးထိ ခါးချိတ် ထန်းတက်နိုင်ကြခြင်းမှာ ပေါ့ပါးပြီး ပါးလွှာသည့်ထန်းဆွဲမြူအိုးများကြောင့် ထန်းတောင်သူများ အကြိုက်တွေ့ကြကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာ ထန်းတောင်သူ ဦးမြင့်မောင်က ရှင်းပြ သည်။ ထန်းဆွဲမြူအိုးများအား နတ်တော်လမှ စတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင်းငါးထောင်လုံးထိ ထန်းဆွဲမြူအိုး ပြုလုပ်ရောင်းချရကြောင်း ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ် ရောင်းချရပြီး နတ်တော်၊ ပြာသို၊ တပိုတွဲ သုံးလအတွင်း ထန်းဆွဲမြူအိုးအလုံးရေ နှစ်သိန်းခွဲကျော်ပြုလုပ်ရောင်းချရပြီး တောင်ကုန်းကျေးရွာအထိ လာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံကပြောပြ သည်။ ထန်းဆွဲမြူအိုးလာရောက်ဝယ်သူများသည် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာမှထွက်ရှိသည့် ထန်းဆွဲမြူအိုးတိုင်း အလုံးအထည်တူညီကြခြင်းကြောင့် ဖောက်သည်စွဲမထားပဲလာရောက် ဝယ်ယူကြကြောင်း တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးတစ်လုံးလျှင် ထန်းရေ သုံးလီတာခွဲ ဆံ့ကြောင်း ဒေါ်စန်းယုံကပြောကြားသည်။ ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာသည် အိုးအမျိုးမျိုးပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးနှင့်ပြာသိုသောက်ရေအိုးတို့မှာ နာမည်ကျော် ငါ့သရောက်ဒေသထွက်အိုးများဖြစ်ကြောင်း ၊ရေဆေးမြေဇလုံ၊မြေပန်အိုး၊ မြေဘုရားပန်းအိုး၊ မြေသားမီးဖို၊မုန့်ပြားသလပ်အိုးခင်း၊ မြေသားစုဗူး၊ ထန်းလျက်အရက်ချက်ချွေးပေါင်းခံအိုး၊ ကောက်ညှင်းပေါင်းအိုး၊ ပန်းပင်စိုက်မြေသား အိုးအမျိုးမျိုးတို့ပြုလုပ်ရောင်းချကြကာ ကျောက်ပန်းတောင်း၊တောင်သာ၊ ညောင်ဦး၊ ပုဂံ၊ ချောက်၊  တောင်ဇင်းကျေးရွာ၊ ဂျမ်းလှီးကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်းနှင့် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိုးဖုတ်ကုန်း(အိုးဖို)သုံးကုန်းရှိရာ တစ်ရွာလုံးမဲစနစ်ဖြင့် မိမိတို့အိုးဖုတ်ဖို့ မဲကျရာနေရာတွင် အိုးဖုတ်(အိုးဖို)ရကြောင်းသိရပြီး တစ်အိမ်ထောင်လျှင် တစ်ရက်ထန်းဆွဲမြူအိုး နှစ်ရာကျော်ပြုလုပ်ရောင်းချနေရကြောင်းသိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း