ငါ့သရောက်မြို့မှအောင်မြင်နေသော ဆားငံဆီးသီးလုပ်ငန်း အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချိအားကောင်းနေ

ငါ့သရောက်  ၃၀  ဇွန်   

ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ဈေးကုန်းရပ်နှင့်ဆည်ကျေးရွာ၊တို့မှ ဆီးသီးအား ဆားငံဆီးသီး ကုန်ချောထုတ်ကာ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြင့် စီးပွားဖြစ်အောင်မြင်နေကာ အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဖြူးရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေ ကိုက်နေကြကြောင်း ဆီးသီးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဆွေက ပြောပြသည်။

ငါ့သရောက်မြို့ ဆီးသီးကုန်ကြမ်းမှ ကုန်ချော ဆီးဆားငံသီးထုပ်လုပ်ငန်းအား မိသားစု အဆင့်ဆင့် လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ရာ နှစ်ပေါင်း လေးဆယ်ကျော်ကြာခဲ့ပြီ ဖြစ်ကြောင်းသိရပြီး ဆီးသီးများအား နတ်တော်လ၊ပြာသို၊တပိုတွဲ၊တပေါင်းလများတွင် ဆီးသီးအမှည့်ပေါ်ကာ တစ်နှစ်ပတ်လုံး ဆားငံဆီးသီးလုပ်ငန်း လည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် ညောင်ဦးနယ်၊ရေစကြို၊ ပခုက္ကူ၊တောင်သာ၊မြင်းခြံမြို့များသို့ ဆီးသီးအဝယ်တော်များ စေလွှတ်ဝေစေခြင်း၊ နယ်ခံ ဆီးသီးပွဲစားများဖြင့် အဆက်အသွယ်ယူကာ ဆီးသီးရသလောက် ဝယ်ယူထားရကြောင်း ဦးသိန်းဆွေက ရှင်းပြသည်။

“ကျွန်တော်တို့ ဆီးသီးဝယ်ယူတာကလည်း အချဉ်သီးပဲဝယ်တာရယ်။ကျွန်တော်တို့ အညာဒေသမှာ ဆီးခြံလုပ်ငန်းရယ်လို့ သတ်သတ် မရှိဘူးရယ်။ ယာမြေ၊တောင်ယာအခင်းစပ်တွေမှာ အလေ့ကျပေါက်တဲ့ဆီးပင်တွေကနေ ဆီးသီးပေါ်ချိန်ကောက်ယူ စုဆောင်းပြီး တင်ရေများများစုဆောင်းမိလာရင် ရောင်းချတယ်။ ယာလုပ်ငန်းပြင်ပက အပိုဝင်ငွေဖြစ်ကြောင်းနှင့် ဆီးသီးတစ်တင်းကို ၃၀ဝ၀ ရောင်းချရတယ် ဆင်သားမွေးကျေးရွာ တောင်သူ ဦးစိုးနိုင်က ပြောပြသည်။
    
ဆားငံဆီးသီး ကုန်ကြမ်းမှ ကုန်ချောလုပ်ရာတွင် ဆီးချိုသီးမဝယ်ယူကြောင်းနှင့်ဆီးချဉ်သီးတစ်မျိုးထဲသာ ဝယ်ယူခြင်းဖြစ်ကြောင်း၊ထွက်ရှိလာသည့် ဆီးငံသီးကုန်ချောများအား   တစ်ကျပ်သားထုပ်များထုပ်ကာ ဆယ်ထုပ်ဈေး၊အများဈေးဖြင့်ဘားအံမြို့၊မော်လမြိုင်မြို့၊သထုံမြို့၊မိုးကုတ်မြို့များသို့ဖြန့်ချိပေးနေရပြီး အခြားမြို့များသို့လည်း ရံဖန်ရံခါဖြန့်ချိပေးနေရကြောင်း (ချစ်ကလေး)ဆားငံဆီးသီးယို လုပ်ငန်းပိုင်ရှင်မှ ရှင်းပြသည်။

ဆားငံသီး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းရှင်တစ်ဦးလျှင် ရွာထဲရပ်ထဲမှ ၁၅ ဦးထိ အလုပ်အကိုင်များပေးထားနိုင်ခြင်း၊ဆီးသီးကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ခြင်းများကြောင့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ထွက်ရှိနေသည့်အပြင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်သည့် အဆင့်ထိရောက်ရှိနေသော ဆားငံသီးဆီးသီးလုပ်ငန်း အောင်မြင်နေကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)