ငရုတ်ကောင်း ၂၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်းမှစခန်းမှူး ရဲအုပ် ထွန်းလင်းထက်က အထူးရဲများအား လိုက်နာရမည့် ကျင့်ဝတ်များနှင့် သိသင့်သိထိုက်သော ဘာသာရပ်များကို လိုက်နာကျင့်သုံးကြရန်နှင့် ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အထူးရဲ(၃၇)ဦးအား သင်တန်းပို့ချပေးခြင်းဖြစ်သည်။ အဆိုပါအထူးရဲ(၃၇)ဦး အနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


