ငရုတ်စိုက်တောင်သူများအတွက် စိုက်ပျိုးနည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးမည်

မန္တလေး  ၂၄   အောက်တိုဘာ

 

မြန်မာနိုင်ငံအတွင်းရှိ ငရုတ်စိုက်တောင်သူများကို စိုက်ပျိူးနည်းပညာသင်တန်းများ ဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်က ပြောကြားသည်။

 

ယခုလက်ရှိအချိန်တွင် ငရုတ်စိုက်တောင်သူများကို GAP စိုက်ပျိုးမှုစနစ် နည်းပညာပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် ငရုတ်စိုက်ပျိုးမှုများပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆိုပါသင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွာမည်ဖြစ်ကြောင်း သိရသည်။

 

"လက်ရှိအချိန်မှာတော့ ဧရာဝတီတိုင်းမှာ ငရုတ်တွေကို ပျိုးနေပါပြီ စိုက်ပျိူးတဲ့အချိန်မှာ GAP သင်တန်းကို အမီပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ သင်ပြမယ့် နည်းပြဆရာကိုလည်း ချိတ်ဆက်မှုတွေ ဆောင်ရွက်ထားပါတယ်'' ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံ၌ ငရုတ်သီးနှံသည် တစ်နှစ်ပတ်လုံးထွက်ရှိပြီး ဒေသအလိုက် ငရုတ်ထွက်ရှိမှု အချိန်ကွာခြားကြောင်းနှင့် ငရုတ်ထွက်ရှိသည့် ကာလအပေါ်မူတည်၍ ဒေသအလိုက် GAP စိုက်ပျိုးမှုနည်းပညာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ငရုတ်စိုက်တောင်သူတွေအများစုက GAP စနစ်ကို စိုက်ပျိူးနေကြပေမယ့် တချိူ့ကလည်း စိုက်ပျိူးမှု မရှိသေးပါဘူး။ GAP စနစ်နဲ့ စိုက်ပျိူးတဲ့အတွက် အခက်ခဲမရှိ အရည်သွေးပြည့်မီတဲ့ ငရုတ်တွေကို ပြည်ပကို တင်ပို့နိုင်မှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံအတွင်း၌ ငရုတ်ကို အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ပြည်ပဝယ်လက်များကလည်း မြန်မာငရုတ်ကို ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေပြီး လက်ရှိတွင် ဗီယမ်နမ်နိုင်ငံမှ အများဆုံး ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)