ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယို၊ နှမ်းယို လုပ်ကိုင်ရောင်းချ

ငဖဲ ဒီဇင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာ၊ ပဲကြီးလှော်လုပ်ငန်းများသာမက မြေပဲယို၊ နှမ်းယိုလုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။

 

မြေပဲယိုပြုလုပ်မည်ဆိုပါက မြေပဲကိုအရင်လှော်ပြီး မြေပဲဆံ နို့ဆီဘူး ၂ လုံးကို သကြား ၃၀ သား အရည်ကျို၍ ကပ်စေးအနည်းငယ်ထည့်ပြီး ယိုထိုးရကြောင်း၊ ယိုထိုးပြီးသားမြေပဲယိုများကို မိမိလိုချင်သော ပုံစံခွက်ထဲထည့်၍ လိုချင်သောပုံစံလှီးပြီး ရောင်းချရကြောင်း သိရသည်။

 

မြေပဲယို၊ နှမ်းယိုလုပ်ငန်းကို လုပ်ကိုင်ရောင်းချလာတာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး မုန့်ဩဇာလုပ်ငန်းနှင့် တွဲဘက်လုပ်ကိုင် ရောင်းချခြင်းဖြစ်ကြောင်း၊ မြေပဲဆံ တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်းနှင့် နှမ်းဖြူ လှော်ပြီးသားတစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ နှုန်းပေးဝယ်ရကြောင်း၊ ကပ်စေး(ကော်မှုန့်)တစ်ပုံးကို ငွေကျပ် ၂၀၀၀၀ နှုန်းပေးရကြောင်း၊ တစ်နေ့လျှင် မြေပဲဆံ ၆ ပြည်နှင့် နှမ်းဖြူ ၆ ပြည်နှုန်း ယိုထိုးရောင်းချရကြောင်း၊ မုန့်များကို ငဖဲမြို့မဈေး၊ ပဒါန်းကျေးရွာ၊ မင်းတုန်း၊ ရွှေချောင်း၊ ရှမ်းတပ်ကျေးရွာ၊ မင်းဘူးမြို့နှင့် ကပစ-၁၄ သို့ တစ်ပိသာကို ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ဖောက်သည်ဈေး ပေးသွင်းရောင်းချရပြီး ၁၅ ကျပ်သားတစ်ထုပ်ကို ငွေကျပ် ၁၀၀၀ နှုန်းရောင်းချရကြောင်း၊ မြေပဲယို၊ နှမ်းယိုကို လူကြိုက်များ၍ ဝယ်ယူကြသောကြောင့် နေ့စဉ် မပျက်လုပ်ကိုင်ရောင်းချနေရပြီး လုပ်ငန်းမှ နေ့စဉ်ဝင်ငွေ ၁၅၀၀၀ ကျပ်ခန့်ရရှိလို့ မိသားစုစီးပွားရေး အဆင်ပြေချောင်လည်လာကြောင်း ပဲယို၊ နှမ်းယိုလုပ်ငန်း လုပ်ကိုင်ရောင်းချသူ ဒေါ်ဝါဝါအောင်က ပြောသည်။

 

မယု (ငဖဲ)