သံတွဲ ၁၆ စက်တင်ဘာ
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ငါးသယံဇာတမျိုးပြုန်းတီးမှုမရှိစေဘဲ ရေရှည် ထုတ်လုပ်စားသုံးနိုင်ရေးအတွက် သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာ ၁၅ ရက်နေ့က သံတွဲမြို့နယ်ကွင်းဝိုင်းကျေးရွာအုပ်စု(အထက) တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးလုပ်ငန်းဦးစီးဌာန ဦးနိုင်ကြွအေး၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစိုးနိုင်တို့က ငါးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောပြီး ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးကျော်ဆင့်က ဟောပြောပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ရေလုပ်ငန်းမိသားစု ပညာရေးအထောက်အပံ့အဖြစ် ငါးမျိုးသယံဇာတ ထိန်းသိမ်းရေး ပညာပေးရုပ်ပုံပါ ကျောင်းသုံးဗလာစာအုပ်များကို လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေး များအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ ၁၉ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ နေ့အထိ ရေလုပ်ငန်းအများဆုံး လုပ်ကိုင်သော ကျေးရွာများဖြစ်သည့် ငပလီမြို့ ဂျိတ္တောရပ်ကွက်၊ ဆင်ခေါင်းကျေးရွာအုပ်စုနှင့် ကွင်းဝိုင်းကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးကျော်ဆင့် ထံမှသိရှိရသည်။
ခရိုင်ပြန်/ဆက်


