ငါးများများစားသုံးရေး သမဝါယမကကူညီပေး

K ဇင်သစ်( မန်းတက္ကသိုလ်)

 

အချိန်ကား ၁၉၅၃ ခုနှစ် ဇန်နဝါရီလ၊ ငါးပွဲစားများ၏ လက်ဝါးကြီးအုပ်ခြယ်လှယ်မှုကို ဖြေရှင်းရန်အလို့ငှာနှင့် ငါးစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးဦးတည်၍ ရန်ကုန်မြို့ကမ်းနားလမ်းရှိ ငါးလက်ကားရောင်းဝယ်ရာဌာနဖြစ်သော ရာဇူဒိုင်များအား ငါးစုပေါင်းရောင်းဝယ်ရေး သမဝါယမအသင်းသို့ လွှဲပြောင်းပေးခဲ့သည့် အတိတ်၏ သမဝါယမပုံရိပ်က ယနေ့မျက်မှောက်ခေတ်တွင် ရောင်ပြန်ဟပ်နေသည့်အလား ခံစားနေမိပါသည်။

 

အခြေခံအင်း အသင်းများသာမက ငါးစုပေါင်းရောင်းဝယ်ရေးသမဝါယမအသင်းနှင့် တိုက်ရိုက်ဆက်သွယ်သည့် တံငါသည်များအားလုံးလည်း အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြသလို ငါးဖမ်းသူနှင့် ငါးမွေးမြူသူများသို့ လိုအပ်သော ငါးဖမ်းကိရိယာ၊ ထုပ်ပိုးပစ္စည်းစသည့် လိုအပ်မှုများအတွက် နိုင်ငံတော်အစိုးရ ၏ ငွေကြေးထောက်ပံ့ပေးမှုဖြင့် ငါးစုပေါင်းရောင်းဝယ်ရေး သမဝါယမအသင်း က ပံ့ပိုးဖြည့်ဆည်းထောက်ပံ့ခဲ့မှုများကြောင့် ငါးဖမ်းသူတံငါသည်များ ပီတိဖုံး ခဲ့သည့်သမိုင်းဖြစ်စဉ်များ တစ်ကျော့ပြန်လည်ဦးမော့လာသည့်သဖွယ် တွေ့မြင်နေရပါသည်။

 

မျက်မှောက်ခေတ်သမဝါယမဖွဲ့စည်းမှုသဏ္ဌာန်အရ ငါးစုပေါင်းရောင်းဝယ် ရေး သမဝါယမအသင်းကဲ့သို့ အသင်းများဖွဲ့စည်းခြင်းမပြုဘဲ လက်ရှိတည်ဆဲ သမဝါယမများ၏ စုပေါင်းအားဖြင့် ငါးမွေးမြူဖမ်းဆီးသူများ အဆင်ပြေချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်းပြည်သူများ ငါးမျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးသမဝါယမကဏ္ဍမှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ဖြန့်ဖြူးမှုကို အလျားလိုက်- ဒေါင်လိုက် ချိတ်ဆက်မှုများဖြင့် ဟန်ချက်ညီစွာလုပ်ဆောင်နေသည်ကို နေ့စဉ်ထုတ်သတင်းစာများ၊ Media များတွင် တွေ့မြင်နေရပါသည်။

 

သမဝါယမကဏ္ဍမှ ဆောင်ရွက်နေမှုများသည် ငါးမွေးမြူ၊ ထုတ်လုပ်ရောင်းချသူများ၏ အခက်အခဲကို ကူညီပေးလိုခြင်း၊ ပြည်သူများ ငါးစားသုံးခြင်းကြောင့် ကျန်းမာရေးကောင်းမွန်လာစေခြင်းနှင့် ပြည်သူများ ဈေးနှုန်းမှန်၊ ပစ္စည်းမှန် ဝယ်ယူစားသုံးနိုင်ရေး ရပ်ကွက်/ကျေးရွာအရောက်၊ မြို့နယ် အရောက်၊ အိမ်အရောက်- ဆိုင်အရောက် သမဝါယမကွန်ရက်ချိတ်ဆက်မှုဖြင့် ဝိုင်းဝန်းကူညီ ပေါင်းစပ်ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပေသည်။

 

အခက်အခဲကြုံတွေ့နေကြရ

ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအချက်အလက်အရ နိုင်ငံအတွင်း ငါးမွေးကန် ၂ ဒသမ ၄၈ သိန်းဧက၊ ပုစွန်မွေးကန် ၂ ဒသမ ၄၄ သိန်းဧက တို့မှ မွေးမြူရေးပိဿာ ၇ ဒသမ ၅ သိန်းခန့် နေ့စဉ်ပုံမှန်ထုတ်လုပ်လျက် ရှိပြီး ပြည်တွင်းစားသုံးမှု ပိဿာခြောက်သိန်းခန့်ရှိကာ တရုတ်၊ ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ ပိဿာ ၁ ဒသမ ၅ သိန်းခန့် တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း ပြည်တွင်း စားသုံးသူမှာပျမ်းမျှ ၆၀-၆၅ ရာခိုင်နှုန်းခန့်သာရှိနေခြင်းကြောင့် လည်းကောင်း၊ ပြည်ပတင်ပို့မှု လျော့နည်းလာခြင်း ကြောင့်လည်းကောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေကြရပါသည်။

 

ငါးဖော်ထုတ်ရောင်းချမည့်အချိန်လည်း ရောက်နေသည့်အတွက် ကန်များအတွင်း ငါးကြီးထွားမှုရှိနေခြင်းနှင့် နေ့စဉ်ငါးစာဖိုးကုန်ကျစရိတ်များကို တောင့်ခံနိုင်စွမ်းမရှိတော့သည့် အနေအထားများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရပါသည်။ တစ်ဖက်တွင်လည်း ငါးမွေးကန်များက လက်ကားရောင်းဈေးနှုန်းကို ထုတ်လုပ်မှုစရိတ်ကာမိရုံဖြင့်သာ ရောင်းချလျက်ရှိနေသော်လည်း စားသုံးသူပြည်သူများအနေဖြင့် လက်လီဈေးနှုန်းတွင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူ စားသုံးနေရသည့် အခြေအနေလည်းရှိနေကြောင်း သိရှိရပါသည်။

 

ယင်းအခြေအနေများကို တတ်စွမ်းသည့်ဘက်မှ သမဝါယမကဏ္ဍက ဖြည့်ဆည်းကူညီပေးလျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ငါးမွေး ကန်များအရောက်သွားရောက်၍ သက်ဆိုင်ရာငါးမွေးမြူသူများ၏ ရောင်းချနိုင်သည့် ဈေးနှုန်းကို ချိန်ညှိ၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအရောက် သမဝါယမ အသင်းအဆင့်အဆင့်လမ်းကြောင်းမှ ဖြန့်ဖြူးကူညီ ဆောင်ရွက်ပေးနေခြင်းကြောင့် ရေထွက်ကုန်ပစ္စည်းမွေးမြူလုပ်ကိုင်နေကြသူများအဖို့ ရေရှည် စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်ရေးတွင် အထောက်အကူပြုနိုင်မည်ဟု ယူဆမိပါ သည်။

 

ငါးများများ စားဖို့လည်း လိုအပ်

ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ပြည်သူများအနေဖြင့် ငါးများများစားရန်လည်း လိုအပ်လှပါသည်။ ငါးစားသုံးခြင်း ကြောင့် ဦးနှောက်ကို အကျိုးပြုသည်၊ နှလုံးကို ကျန်းမာစေသလို ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါ သည်၊ စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံနည်းလာခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း စသည့်ကောင်းကျိုး များစွာကို ရရှိနိုင်ပေသည်။ ငါးတွင် ဗီတာမင်ဒီနှင့် ဘီ -၂ များ ကြွယ်ဝစွာ ပါဝင်သည့်အပြင် သံ၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်သတ္တုဓာတ်များ ပါဝင်သည့်အတွက် ငါးများများစားသုံးသူများ ဉာဏ်ရည်ရွှင်၍ လူတော်များ ဖြစ်နေကြသည်ဆိုတာကလည်း ငြင်းဖွယ်မရှိပါ။ အချို့သော ပြည်သူများအနေဖြင့် ငါးစားချင်သော်လည်း အလွယ်တကူဝယ်ယူ၍ မရနိုင်ခြင်းနှင့်စားသုံးလိုသည့် ငါးအမျိုးအစားနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ငါးစားချင်သော် လည်း မစားရနိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းငါးစားသုံးမှု တိုးပွားလာရေး နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်နေသလို ပြည်ပသို့ ငါးအပါအဝင်ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေ ရရှိအောင် အစဉ်တစိုက်အားထုတ်လျက်ရှိနေပါသည်။

 

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကာလများတွင် ပြည်ပတင်ပို့မှုယခင်နှစ်များထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၈၆၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်ပတင်ပို့မှုမှာ လျော့နည်းကျဆင်းလာ ခဲ့ရပါသည်။ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ခွင့် အခွင့်အလမ်းအပေါ် မွေးမြူထုတ်လုပ်ရောင်းချသူများ အခက်အခဲများစွာကြုံတွေ့နေရသည်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု များအရ သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က ညှိနှိုင်းပူးပေါင်းပြီး သမဝါယမအသင်းများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ရေထွက်ကုန်ပစ္စည်းရောင်းချရေးကော်မတီများ ဖွဲ့စည်းပြီး ပြည်သူများအတွက် ငါးများများစားသုံးနိုင်ရေး ငါးဈေးကားများဖြင့် ရပ်ကွက်၊ ကျေးရွာအရောက် ဖြန့်ဖြူးရောင်းချပေးနေမှုများဖြင့် ပါဝင်ကူညီဖြည့်ဆည်းပေး နေသည်ဟု မှတ်ယူ၍ရနိုင်ပါသည်။ တစ်ဖက်မှာလည်း စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်၍ ပြည်ပငါးဈေးကွက် တိုးမြှင့်ရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

 

တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေ

ရေထွက်ကုန်ပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှု လျော့နည်းခြင်းကိုကုစားရန်နှင့် ပြည်တွင်းတွင် ငါးစားသုံးမှု ပိုမိုတိုးတက်လာစေ ရန်အတွက် ငါးစားသုံးသည့်အလေ့အထနှင့် ငါးစားသုံးခြင်းကြောင့် ရရှိလာ သော ကျန်းမာရေးကောင်းမွန်မှုများကို မီးမောင်းထိုးပြကာ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိနေသည်ကိုလည်း တွေ့ရပါသည်။ တစ်ဖက်တွင်လည်း ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးပိ- ပုစွန်ငါးပိ၊ ငါးချဉ်၊ ငံပြာရည်၊ ငါးအသားလုံး၊ ငါးအူချောင်း စသည့်တာရှည်ခံနိုင်သော အသွင်ပြောင်းရေထွက်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ နည်းပညာပေးမှုများ ဆောင်ရွက်လျက်ရှိနေသည်ကလည်း လတ်တလောဖြစ်ပေါ်နေသော ရေထွက် ကုန်ပစ္စည်းမွေးမြူထုတ်လုပ်နေသူများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေခြင်းဟု မှတ်ယူ၍ ရနိုင်ပေသည်။

 

သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချမှုအနေဖြင့် သမဝါယမအသင်းပိုင်ငါးကန် ၂၇၆ ကန် (၉၁၀ ဒသမ ၆၁) ဧကအပါအဝင် မွေးမြူရေးလုပ်ငန်းရှင်များ၏ ငါးကန်များမှ ဖော်ထုတ်ခဲ့သည့် ငါး၊ ပုစွန်များကို စားသုံးသူ ပြည်သူများလက်ဝယ်ရောက် Door to Door စနစ်ဖြင့် ရောင်းချဖြန့်ဖြူးပေးခြင်း၊ အသင်းပိုင်/အသင်းသားပိုင် ငါးကန်များမှဖော်ထုတ်လာသည့် ငါးများကို ရန်ကုန်မြို့ရှိ ငါးဒိုင်များသို့ တင်ပို့ရောင်းချခြင်း၊ ငါးအထွက်နည်း သည့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ရန်ကုန်မြို့ရှိ ငါးကုန်စည်ဒိုင်များမှ ဝယ်ယူ၍ ဖြန့်ဖြူးပေးခြင်း၊ သမဝါယမအသင်းစုချုပ် အချင်းချင်းချိတ်ဆက်မှာယူပြီး ရောင်းချပေးခြင်းတို့ဖြင့် ပြည်သူများ ငါးများများ စားသုံးနိုင်ရေးနှင့် ငါးမွေးမြူသူလုပ်ငန်းရှင်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

 

ခေတ်မီနည်းပညာများ အသုံးပြုနိုင်လာခြင်းကြောင့် လယ်ယာထွက်ကုန် သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းများရှိခဲ့ရာ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် စားသုံးသူများလွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး သမဝါယမကဏ္ဍမှတတ်စွမ်းသမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကား လက်တွေ့ ဆန်လွန်းလှပေသည်။ ရေထွက်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန် Value added ဆောင်ရွက်နိုင်ရေးနှင့် ငါးပိ- ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်များကို သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်၍ ပြည်သူများအား ရောင်းချပေးနိုင်ရေး ဆောင်ရွက်နေမှုများကလည်း လတ်တလောကာလဖြစ်ပေါ်နေမှုများအတွက်သာမက ရေရှည်အကျိုးဖြစ်ထွန်းစေမည်မှာ မုချဧကန်ပင်ဖြစ်ပါသည်။

 

နိုင်ငံအတွင်းငါးစားသုံးမှုကိုလေ့လာကြည့်ပါက နိုင်ငံအောက်ပိုင်းဒေသများတွင် လူတစ်ဦးချင်းတစ်နှစ်လျှင် ငါးစားသုံးမှုမှာပျမ်းမျှ ၂၂ ကီလိုဂရမ်ခန့် စားသုံးလေ့ရှိပြီး အထက်ပိုင်းနေပြည်သူတစ်ဦးချင်းအနေဖြင့် တစ်နှစ်လျှင် ငါးစားသုံးမှုမှာပျမ်းမျှ ၈ ဒသမ ၅ ကီလိုဂရမ်ခန့် စားသုံးလျက်ရှိနေကြောင်းထုတ်ပြန်ထားသည့် သတင်းအချက် အလက်များအရ သိရှိရပါသည်။ ပြည်တွင်း ငါးစားသုံးမှုလျော့နည်းရခြင်းမှာ စားသောက်ဆိုင်များ ယာယီပိတ်ထားခြင်း၊ မင်္ဂလာဆောင်၊ အလှူမင်္ဂလာအခမ်းအနားကျင်းပခွင့်မရခြင်း၊ တရားစခန်းများ အပါအဝင် ဘာသာရေးအခမ်းအနားများ ရပ်နားထားခြင်း၏ နောက်ဆက်တွဲအဖြစ် စားသုံးမှုလျော့နည်းလာရသည်ဟု သုံးသပ်ရမည်ဖြစ်ပေသည်။ အပတ်စဉ်အိမ်ထောင်တစ်စုငါးဟင်းတစ်ခွက်/ ငါးကြော်တစ်ပွဲစားသုံးကြခြင်းဖြင့် ပြည်တွင်းစားသုံးမှုမြင့်တက်လာနိုင်မှာ မလွဲဧကန်ဖြစ်ပါသည်။

 

ပြည်သူများအတွက် ငါးအလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမ အသင်းတာဝန်ရှိသူများက ကွန်ရက်ချိတ်ဆက်မှုကောင်းကောင်းဖြင့် ပြည်သူ့အကျိုးအလေးထား၍ ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနေခြင်းကြောင့်လည်း လောကသားများအတွက် ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်နေမိပါသည်။

 

ဖြန့်ဖြူးရောင်းချပေး

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်အထိ ရေထွက်ကုန်ပစ္စည်းများအား ငွေကျပ် ၈၄၄၂၄၀၅၀ တန်ဖိုးရှိ ငါးပိဿာ ၂၄၃၇၂ ဒသမ ၄ ပိဿာကို ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ပြီး နောက်ကာလများတွင်လည်း ပြည်သူအကျိုးအလေး ထား၍ ကြိုးပမ်းပေးနေဦးမည်ကို ယုံကြည်နေမိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သမဝါယမကဏ္ဍမှ ရောင်းချခဲ့မှု အခြေအနေကို ဖော်ပြပါအတိုင်း သိရှိရပါသည်။

 

င

 

အချုပ်အားဖြင့်ဆိုရလျှင် ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း ရှမ်းပြည်နယ်ထွက် ဂေါ်ဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ မကွေးတိုင်းဒေသကြီး ထွက်ကုန်ကြက်သွန်နီများကို သမဝါယမအသင်းစုချုပ်အချင်းချင်း ချိတ်ဆက်၍ စိုက်ပျိုးထုတ်လုပ်သူလည်း အရှုံးမပေါ်၊ စားသုံးသူများလည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူခဲ့သည့်ဖြစ်စဉ်ကို ကောင်းစွာဖြည့်ဆည်း ဆောင်ရွက်နိုင် ခဲ့သည့် သမဝါယမနည်းစနစ်ကောင်း၊ ကျင့်စဉ်ကောင်းများဖြင့် လတ်တလော ကာလဖြစ်တည်နေသည့် ရေထွက်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းတွင် No Profit – No Loss ဟူသောမူနှင့်အညီ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် သမဝါယမလောကသားများက ဝန်ဆောင်မှုကောင်းများစွာ ဆောင်ကြဉ်း ပေးခြင်းဖြင့် အများယုံကြည်လက်ခံနိုင်သော သမဝါယမမှတ်တိုင်သစ် စိုက်ထူ နိုင်ပါစေဟူ၍ ရေးသားလိုက်ရပါသည်။ ။

ကျမ်းကိုး ။ ။ သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ စာရင်းအင်းများ