ငလိုက်စခန်းသာ ဆင်စခန်း၌ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) နှင့် ကြိုးတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

နေပြည်တော်၊ ၆ ဇန်နဝါရီ 

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၇/၀ အနီး ငလိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်-၇၈ ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ငလိုက်စခန်းသာ ဆင်စခန်း၌ တည်ဆောက်လျှက်ရှိသည့် တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) နှင့် ကြိုးတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ငလိုက်စခန်းသာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးညီညီအောင်က  “တောတွင်း ဖြတ်လျှောက်လမ်းတံတားနဲ့  ကြိုးတံတားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်ကနေ စတင်တည်ဆောက်ခဲ့တာပါ။ ဒီနေ့အထိ တောတွင်းဖြတ်လျှောက်လမ်း တံတား အရှည်ပေပေါင်း ၄၈၁၇ အနက် ပေ ၃၀၇၀ နဲ့ ကြိုးတံတားအရှည်ပေ ၁၇၀ အနက် ပေ ၇၀ ပြီးပါပြီ။ ဒါ့ကြောင့် တံတားနှစ်စင်းလုံးရဲ့ တည်ဆောက်ပြီးစီးမှုဟာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ တံတား တစ်လျှောက် ပေ ၁၀၀၀ ရောက်တိုင်း ခရီးသွားပြည်သူတွေနားနေနိုင်ဖို့ နားနေအဆောင်တစ်လုံးဆောက်လုပ်ထား ပြီး စုစုပေါင်း ၅ လုံး ဆောက်လုပ်ထားပါတယ်။ ခရီးသွားပြည်သူတွေ လမ်းလျှောက်လို့ နားတဲ့အခါမှာ ပါလာတဲ့ ပစ္စည်းတွေ တင်လို့ရအောင် တံတားတစ်လျှောက် ပေ ၁၀၀ အတွင်း ပစ္စည်းတင်လို့ရတဲ့ ခုံတွေလည်း တည်ဆောက်ထားပါတယ် ” ဟု ပြောပြသည်။

တံတားတည်ဆောက်မှုအပိုင်းမှာ ကြီးကြပ်အင်ဂျင်နီယာ ၅ ဦး၊ နေပြည်တော်နဲ့ မန္တလေးက လုပ်သားအင်အား (၈၀) ကျော်နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ငလိုက်စခန်းသာ ဆင်စခန်းက ဝန်ထမ်း ၄၅ ဦးကလည်း သတ်မှတ်တဲ့ကာလအတွင်း အမြန်ပြီးစီးအောင် တံတားတည်ဆောက်ရေး အပိုင်းမှာ  အချိန်နဲ့တစ်ပြေးညီ တိုက်တိုက်တွန်းတွန်းနဲ့  ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခက်အခဲအနေနဲ့  လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ ကြောင့် အလုပ်အတွက် တော်တော်ဂရုစိုက်ရပါတယ်။ အလုပ်သမားတွေကိုလည်း ကိုဗစ်-၁၉ ကြောင့် အလုပ်ကြန့်ကြာမှုမရှိအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ  လိုအပ်တဲ့အကာအကွယ် ပစ္စည်းတွေပေးပြီး လုပ်ဆောင်နေပါတယ်။ သတ်မှတ်တဲ့ကာလအတွင်း အပြီးတည်ဆောက်သွားနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုဗစ် -၁၉ အလွန်မှာ ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် စခန်းအတွင်းက အဆောက်အဦတွေကိုလည်း အဆင့်မြှင့်တင် ထားပါတယ်။ ကျွန်တော်တို့ ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်တဲ့အခါမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့  ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့အညီ ဖြစ်ဖို့ ကြိုတင်စီမံဆောင်ရွက်နေပါ တယ် ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)သည် ထင်ရှူးတောဆင်စခန်းမှ စားသောက်ဆိုင်ကမ်းခြေအထိ စုစုပေါင်း အရှည်  ၄၈၁၇ ပေ နှင့် အကျယ် ၆ ပေ ရှိပြီး မြန်မာနိုင်ငံရှိ သစ်သားတံတားများအနက် ယခု တည်ဆောက်နေသည့် တံတားသည် အရှည်ဆုံးသစ်သား တံတားဖြစ်ကြောင်း၊ ကြိုးတံတားသည် အရှည်ပေ ၁၇၀ နှင့် အကျယ် ၄ ပေရှိပြီး Steel Struture  တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်နေသည့် တောတွင်းဖြတ်လျှောက်လမ်း(သစ်သားတံတား)နှင့် ကြိုးတံတား ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်  ၄၀၉ ဒသမ ၆၅၅ သန်း အကုန်ကျခံတည်ဆောက်လျက်ရှိရာ အဆိုပါ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရမည့်  လုပ်ငန်းပမာဏ အားလုံးကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလအကုန်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။

ငလိုက်စခန်းသာ ဆင်စခန်း၌ တောတွင်းဖြတ်လျှောက်လမ်း(သစ်သားတံတား)နှင့် ကြိုးတံတား တည်ဆောက်ရခြင်း မှာ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် နေပြည်တော်အနီးအနားရှိ ပြည်သူများ အားလပ်ရက်တွင် အပန်းဖြေအနားယူ နိုင်ရန် တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါတံတားများ တည်ဆောက်ပြီးစီးပါက ငလိုက်စခန်းသာ ဆင်စခန်းသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ဆန်းသစ်မှုများစွာဖြင့် သဘာဝအလှတရားများကို ခံစားရင်း စိတ်ဝင်စား မှုများစွာဖြင့် လည်ပတ်နိုင်သည့် ခရီးသွားလုပ်ငန်းအစီအစဉ်တစ်ခုအဖြစ် ပီပြင်စွာပေါ်ထွန်းလာရန် ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ငလိုက်စခန်းသာ ဆင်စခန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီအချိန်က ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် များအနေဖြင့် နေပြည်တော်ရှိ အထင်ကရတန်ခိုးကြီးဘုရားစေတီနှင့် နေရာများကို ဖူးမြော်လည်ပတ်ပြီး ဆင်စခန်းသို့ ဝင်ရောက်လေ့လာ အပန်းဖြေအနားယူကြကြောင်းနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း ၂၂ ခုအနက် ငလိုက်စခန်းသာဆင်စခန်းသည် ဧည့်သည်ဝင်ရောက်မှု တတိယအများဆုံး ဆင်စခန်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဟိန်းမင်းစိုး

ဓာတ်ပုံ-ညီညီအောင်