ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု

ပြည်သူ့ကိုယ်စားလှယ်များကို မဲပေးရွေးချယ်သည့် ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတွင် ပြည်သူတို့ မဲပေးပြီးခဲ့ပြီ။ ကချင်ပြည်နယ်မှ အချို့သော နေရာအနည်းငယ်မှလွဲလျှင် အခြားသော တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်မြေအားလုံး မဲရေတွက်မှုလုပ်ငန်းများ ပြီးဆုံးပြီဖြစ်ကာ ရွေးကောက်ပွဲရလဒ်များကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး ဖြစ်ပါသည်။

 

ရွေးကောက်ပွဲ အောင်မြင်မှုကိုရော၊ မဲအနိုင်ရရှိသော ပါတီကို ရော နိုင်ငံတကာက လေးစားသမှုဖြင့် ထုတ်ဖော်ပြောဆိုသည့် ဂုဏ်ပြု စကားများ၊ ပြည်တွင်းမှ မဲပေးသူတို့၏ ဝမ်းသာရွှင်မြူး အားရမှုများ ကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်လံတလူလူ လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်၏ အများစုသော မဲတို့ကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲအများစုကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသားလူမျိုးများ လွှတ်တော်တို့တွင် လည်းကောင်း ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ ပြီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ သိခဲ့ပြီဖြစ်ပါသည်။

 

ရွေးကောက်ပွဲကော်မရှင်၏ ကြေညာပြီးသလောက်နှင့်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပြီဟု သိရပြီ ဖြစ်ပါသည်။ ထိုသို့ ပေါ်ပေါက်လာမည့် လွှတ်တော်များနှင့် ပြည်သူ့ အစိုးရတို့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကို ဆက်လက်တာဝန်ယူဆောင်ရွက်သွား မည်ဟု နားလည်ပါသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆွဲကိုင်ထားသော အခြေခံမူ များဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းပဋိပက္ခ များ ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားလူမျိုးစုများ တန်းတူညီမျှရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီ စံနှုန်း များဖြင့် ကိုက်ညီသော အခြေခံဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲရေး၊ ဥပဒေစိုးမိုးရေး စသည့်စသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို တစ်ဆင့် ချင်း တည်ဆောက်သွားမည်ဟု ရှုမြင်ပါသည်။

ယခု ရွေးကောက်ပွဲ မဲအနိုင်အရှုံးစာရင်းများ ကြေညာချက်အရ ပြည်သူ့အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းနိုင်တော့မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပထမဆုံးအနေဖြင့် နောင်အနာဂတ် မြန်မာနိုင်ငံ အတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စအဖြစ် တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ဖွဲ့သို့ ဦးတည်ပေးပို့ ထုတ်ပြန်ခဲ့ပါသည်။

 

ပေးပို့စာတွင်-

တိုင်းရင်းသားပါတီများသည် ပြီးခဲ့သော အထွေထွေရွေးကောက် ပွဲကြီးတွင် ပြည်နယ်အသီးသီးက တက်တက်ကြွကြွပါဝင်ဆင်နွှဲ ခဲ့ကြ၏။ အချို့သောပြည်နယ်များတွင် မျှော်မှန်းခဲ့သလောက် မဲမရရှိခဲ့ သော်လည်း အချို့သော မဲဆန္ဒနယ်များတွင် ကျေနပ်ဖွယ်သော ရွေးကောက်ပွဲရလဒ်များရခဲ့၏။ မည်သို့သော အခြေအနေတွင်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားမည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ နှင့် အဖွဲ့ချုပ်၏ ရည်မှန်းချက်သည် တူညီကြသည့်အားလျော်စွာ တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အလေးထားဆောင်ရွက်သွားမည်ဖြစ်၏။ တိုင်းရင်းသားပါတီ များကလည်း ထိုရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို အဖွဲ့ချုပ်နှင့်အတူ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြမည်ဟု မျှော်လင့်ကြောင်း စသည်ဖြင့် ဖြစ်ပါ၏။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထာ၀စဉ် ဆွဲကိုင်ခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေး (အမျိုးသားရင်ကြားစေ့ရေး) ဟူ သည်မှာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ လူမျိုးစုတိုင်းရင်းသားများ၊ တပ်မတော်သားများ၊ တစ်နည်းဆိုသော် ပြည်သူလူထုတစ်ရပ်လုံး၏ အချင်းချင်းကြား စစ်ဘေးရန်မီး အရှိန်သတ်နိုင်ရေး၊ အမုန်း လျော့ပါး ရေး၊ သင့်သင့်မြတ်မြတ်ဖြစ်ကြရေး၊ ဗြဟ္မစိုရ်တရားပွားများကာ စစ်မှန်သော ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

 

ယနေ့ ရွေးကောက်ပွဲများက ပေါ်ပေါက်လာမည်ဖြစ်သော ပြည်သူ့အစိုးရသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ မြန်မာနိုင်ငံတော် အမှန်တကယ် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော် နိုင်ပါစေသတည်း။ တိုင်းရင်းသားတို့ကြား တန်းတူညီမျှသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ပါစေ သတည်း။

mna